မြေယာတစ်ခုတွင် ဥပဒေနှင့်ဆန့်ကျင်သော စုဝေးမှုကိုဖြစ်စေ၊ ရုန်းရင်းဆန်ခတ်မှုကိုဖြစ်စေ ကျူးလွန်သောအခါ ထိုမြေကို ပိုင်သူကသော်လည်းကောင်း၊ ထိုမြေကို လက်ရှိအသုံးပြုနေသူက သော်လည်းကောင်း၊ ထိုမြေ၌ အကျိုးခံစားခွင့်ရှိသူကသော်လည်းကောင်း၊ ထိုမြေ၌ အကျိုးခံစားခွင့် ရှိထိုက်ကြောင်း ပြောဆိုသူကသော်လည်းကောင်း၊ ထိုသူတစ်ဦးဦး၏ ကိုယ်စားလှယ်ကသော်လည်း ကောင်း၊ ထိုသူတစ်ဦးဦး၏ မန်နေဂျာကသော်လည်းကောင်း ထိုပြစ်မှုကျူးလွန်နေကြောင်းကိုဖြစ်စေ ကျူးလွန်ပြီးကြောင်းကိုဖြစ်စေ၊ သိလျက်နှင့် သို့မဟုတ် ကျူးလွန်တန်ရာသည်ကို ယုံကြည်ရန်အကြောင်း ရှိလျက်နှင့် ထိုအကြောင်းကို မိမိတတ်စွမ်းသမျှ လျင်မြန်နိုင်သမျှ လျင်မြန်စွာ အနီးဆုံးရဲဌာနရှိ အကြီးအကဲအရာရှိထံ မတိုင်ကြားလျှင်၊ ထို့ပြင် ထိုပြစ်မှုကျူးလွန်အံ့ဆဲဆဲဖြစ်ကြောင်း ယုံကြည်ရန် အကြောင်းရှိလျက်နှင့် တားဆီးရန် ဥပဒေနှင့်ညီသော နည်းအမျိုးမျိုးကို မိမိတတ်စွမ်းသမျှ အသုံးမပြုလျှင်၊ ထို့ပြင် ကျူးလွန်သောအခါတွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းကိုဖြစ်စေ၊ ဥပဒေနှင့် ဆန့်ကျင်သော ထိုအစုအဝေးကိုဖြစ်စေ လူစုခွဲရန်သော်လည်းကောင်း၊ နှိမ်နင်းရန် သော်လည်းကောင်း ဥပဒေနှင့်ညီသော နည်းအမျိုးမျိုးကို မိမိတတ်စွမ်းသမျှ အသုံးမပြုလျှင် အဆိုပါ မြေပိုင်သူကို သို့မဟုတ် မြေကို လက်ရှိ အသုံးပြုနေသူကို သို့မဟုတ် မြေ၌ အကျိူးခံစားခွင့်ရှိသူကို သို့မဟုတ် မြေ၌ ဆိုင်ရာဆိုင်ခွင့်ရှိကြောင်း ပြောဆိုသူကို ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ် ချမှတ်ရမည်။