(၁) မည်သည့် တရားသူကြီးကဖြစ်စေ၊ မည်သည့် ရာဇဝတ်တရားသူကြီးက ဖြစ်စေ စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု၊ သို့မဟုတ် အခြားမှုခင်းကိစ္စဆောင်ရွက်မှု ပြုလုပ်သည့် မည်သည့်အဆင့်၌မဆို ပြစ်မှုကျုးလွန်ခဲ့သည်ဟု အဆိုရှိသော နေရာသို့ဖြစ်စေ၊ အဆိုပါ စုံစမ်း စစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှုတွင် ထွက်ဆိုခဲ့သည့် သက်သေခံချက်များကို မှန်ကန်စွာ အကဲဖြတ်နိုင်ရန်ကိစ္စအလို့ငှာ ကြည့်ရှုရန်လိုအပ်သည်ဟု ထင်မြင်သည့် အခြားနေရာသို့ဖြစ်စေ အမှုသည်တို့ထံ အချိန်မီ အကြောင်းကြားပြီးနောက် သွားရောက် ကြည့်ရှု စစ်ဆေးနိုင်သည်။ ထို့ပြင် ယင်းကဲ့သို့ ကြည့်ရှုစစ်ဆေးရာတွင် တွေ့ရှိရသော စပ်ဆိုင်သည့်အကြောင်းခြင်းရာမှန်သမျှကို နှောင့်နှေးကြန့်ကြာခြင်းမရှိစေဘဲ မှတ်တမ်းရေးမှတ်ထားရမည်။
(၂) အဆိုပါမှတ်တမ်းသည် ယင်းအမှုတွဲ၏ အစိတ်အပိုင်း ဖြစ်စေရမည်။ အစိုးရရှေ့နေ၊ တိုင်တန်းသူ၊ သို့မဟုတ် တရားခံက အလိုရှိလျှင် ထိုမှတ်တမ်း၏မိတ္တူတစ်စောင်ကို ထိုသူအား အခမဲ့ထုတ်ပေးရမည်။
သို့ရာတွင် ဂျူရီဖြင့် စစ်ဆေးစီရင်သည့် အမှုတွင် ဂျူရီအား ပုဒ်မ ၂၉ ၃ အရ ကြည့်ရှုခွင့်မပေးခဲ့လျှင် တရားသူကြီးက ဤပုဒ်မအရ ဆောင်ရွက်ခြင်း မပြုရ။