(၁) အဆိုပါ ထိန်းသိမ်းထားသော စာတမ်းအမှတ်အသား၊ ပါဆယ်ထုပ် သို့မဟုတ် အရာဝတ္ထု တစ်စုံတစ်ရာသည် မည်သည့်မေးမြန်းစုံထောက်မှု၊ စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု သို့မဟုတ် ဤဥပဒေအရ အခြားမှုခင်း ကိစ္စအလို့ငှာ လိုအပ်သည်ဟု ခရိုင်ရာဇဝတ် တရားသူကြီး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် သို့မဟုတ် စက်ရှင်တရားရုံးက ထင်မြင်ယူဆလျှင် အဆိုပါ ရာဇဝတ်တရားသူကြီး သို့မဟုတ် တရားရုံးသည် ဆိုခဲ့သည့် စာတမ်းအမှတ်အသား၊ ပါဆယ်ထုပ် သို့မဟုတ် အရာဝတ္ထုကို ယင်းရာဇဝတ်တရားသူကြီး သို့မဟုတ် တရားရုံးက ညွှန်ကြားသူသို့ ပေးအပ်စေရန် စာတိုက် သို့မဟုတ် ကြေးနန်းအာဏာပိုင် သက်ဆိုင်ရာရာများအား ဆင့်ဆိုနိုင်သည်။ (ရာဇဝတ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အမှတ် ၁၆ /၂ဝ၁၆)
(၂) အကယ်၍ အဆိုပါစာတမ်းအမှတ်အသား၊ ပါဆယ်ထုပ် သို့မဟုတ် အရာဝတ္ထု တစ်ခုခု သည် ဖော်ပြပါ ကိစ္စမျိုးအတွက် လိုအပ်သည်ဟု အခြားတရားသူကြီး တစ်ဦးဦးကဖြစ်စေ၊ ရဲမင်းကြီး က ဖြစ်စေ၊ ခရိုင်ရဲဝန် တစ်ဦးဦးကဖြစ်စေ ထင်မြင်ယူဆလျှင် ထိုသူအနေဖြင့် စာတိုက် သို့မဟုတ် ကြေးနန်းဌာန သက်ဆိုင်ရာရာသို့ အကြောင်းကြား၍ အဆိုပါ ခရိုင် ရာဇဝတ်တရားသူကြီး သို့မဟုတ် တရားရုံးက အမိန့်မချမှတ်မီ အတောအတွင်း ယင်းစာတမ်း အမှတ်အသား၊ ပါဆယ်ထုပ် သို့မဟုတ် အရာဝတ္ထုကို ရှာဖွေသိမ်းဆည်း ထားစေရန် ဆင့်ဆို နိုင်သည်။