(၁) အဆိုပါ စစ်ဆေးစီရင်သည့် အမှုတွဲကို တင်ပြလာသည့်အခါ တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ချုပ်က ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူတွင် အပြစ်ရှိခြင်း၊ သို့မဟုတ် အပြစ်ကင်းခြင်းတို့နှင့် စပ်လျဉ်းသည့် အချက်တစ်ရပ်ရပ်အပေါ် ထပ်မံ၍စုံစမ်းစစ်ဆေးခြင်းပြုရန်၊ သို့မဟုတ် နောက်ထပ် သက်သေခံချက် ရယူသင့်သည်ဟု ထင်မြင်လျှင် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ချုပ်ကိုယ်တိုင် အဆိုပါ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်နိုင်သည်၊ သို့မဟုတ် အဆိုပါသက်သေခံချက်ကို ရယူနိုင်သည်၊ သို့မဟုတ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်ဖြစ်စေ၊ သက်သေခံချက် ရယူရန်ဖြစ်စေ စက်ရှင်တရားရုံးသို့ ညွှန်ကြားနိုင်သည်။ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)
(၂) အဆိုပါ စုံစမ်းစစ်ဆေးခြင်းကိုဖြစ်စေ၊ သက်သေခံချက် ရယူမှုကိုဖြစ်စေ ဂျူရီလူကြီးများ၊ သို့မဟုတ် အဆက်ဆာလူကြီးများရှေ့တွင် မပြုလုပ်ရ။ ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်က အခြားနည်း ညွှန်ကြားခြင်းမရှိပါက ယင်းစုံစမ်းစစ်ဆေးခြင်း၊ သို့မဟုတ် သက်သေခံချက် ရယူခြင်း ပြုလုပ်သောအခါ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ လာရောက်ခြင်းကို ကင်းလွတ်ခွင့်ပြု နိုင်သည်။(ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)
(၃) စုံစမ်းစစ်ဆေးခြင်းနှင့် သက်သေခံချက်ရယူခြင်း (တစ်စုံတစ်ရာ ရှိလျှင်) တို့ကို တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ချုပ်က မပြုလုပ်သည့်အခါ အဆိုပါ စုံစမ်းစစ်ဆေးခြင်းနှင့် သက်သေခံချက် ရယူခြင်းတို့၏ အကျိုးရလဒ်ကို တရားလွှတ်တော်သို့ သက်သေခံချက် ရေးသား ပေးပို့ရမည်။(ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)