ပုဒ်မ ၉၂
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပခြင်း
(က) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း မဆန့်ကျင်လျှင် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီတို့တွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ ထိုသို့ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်ပူးပေါင်းကော်မတီတို့တွင် တင်ပြဆွေးနွေးခြင်း၊ ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ ပြည် ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြား ဥပဒေအရ အရေးယူခြင်းမပြုရ၊
(ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်သော် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် ပြည်ထောင်စုလွှတ်တော်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်။ ပြည်ထောင်စုလွှတ် တော်တွင် တင်ပြပြောဆိုမှုများနှင့် စပ်လျဉ်း၍ ယင်းအဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်းမပြုရ၊
(ဂ) ပုဒ်မခွဲ(က)နှင့်(ခ) တွင်ပါရှိသော ပုဂ္ဂိုလ်များသည် အထက်ပါ အခွင့်အရေးများကို ကျင့်သုံးကြ ရာတွင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ ရှိခဲ့ပါက ယင်းတို့သည် ပြည်ထောင်စုလွှတ်တော်၏ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ တည်ဆဲဥပဒေများအရ လည်းကောင်း အရေးယူခြင်းခံရမည်။