(၁) ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် ဤပုဒ်မအရ ဆောင်ရွက် နိုင်ရန် နိုင်ငံတော်သမ္မတကဖြစ်စေ၊ ခရိုင်ရာဇဝတ်တရားသူကြီးကဖြစ်စေ၊ အာဏာ အထူးအပ်နှင်း ထားသော အခြားတရားသူကြီးတစ်ဦး ( တတိယတန်း အာဏာရ တရားသူကြီးမှအပ) သည် ဤပုဒ်မအရ ဆောင်ရွက်ရန်နှင့် ချက်ချင်းတားဆီးရန် သို့မဟုတ် အဆောတလျင် ပပျောက်အောင် ပြုလုပ်ရန် လိုအပ်ကြောင်း လုံလောက်သော အကြောင်း ရှိသည်ဟု ထင်မြင်သည့် အမှုများတွင်-
အဆိုပါ တရားသူကြီးသည် တစ်ဦးတစ်ယောက်အား တစ်စုံတစ်ခုသော အမှုကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည့်အကြောင်း သို့မဟုတ် ထိုသူ၏ လက်ရှိ သို့မဟုတ် ထိုသူ၏ စီမံခန့်ခွဲမှုအောက်ရှိပစ္စည်း တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ စီမံပြုလုပ်ရမည့် အကြောင်းနှင့် ဆင့်ဆိုလျှင် တရားသဖြင့် လုပ်ကိုင်သူ တစ်ဦးဦးအား တားဆီး နှောင့်ယှက် ထိခိုက် ခြင်းဖြစ်သည့် အရာကိုဖြစ်စေ၊ ဟန့်တားနှောင့်ယှက်ခြင်း ဖြစ်မည်ဟု စိုးရိမ်ရန် ရှိသည့် အရာကိုဖြစ်စေ၊ လူ့အသက်၊ ကျန်းမာမှု သို့မဟုတ် လုံခြုံမှုကို ထိခိုက် အန္တရာယ် ဖြစ်မည့် လက္ခဏာရှိသည့် အရာကိုဖြစ်စေ၊
နိုင်ငံတော် ငြိမ်ဝပ်ရေးကို နှောင့်ယှက်သည့် အရာကိုဖြစ်စေ၊ ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေ၊ သတ်ပုတ်နှောင့်ယှက်မှု ကိုဖြစ်စေ မဖြစ်ပွားစေရန် တားဆီးနိုင်သည့် လက္ခဏာ ရှိကြောင်း သို့မဟုတ် ဟန့်တား စေနိုင်လိမ့်မည် ဖြစ်ကြောင်းနှင့် ထင်မြင်သည့်အခါ အမှု၏ အရေးပါသော အကြောင်းခြင်းရာများကို ဖော်ပြရေးသား၍ ပုဒ်မ ၁၂၄ ပါ ပြဋ္ဌာန်းချက် အတိုင်း ချအပ်သော နည်းလမ်းဖြင့် အမိန့်ချမှတ် ဆင့်ဆိုနိုင်သည်။
(၂) ဤပုဒ်မအရ အမိန့်ကို ရှောင်တခင်ဖြစ်ပေါ်စေသည့်အမှုများ သို့မဟုတ် အမိန့် ချမှတ်ခံရ မည့်သူ ထံသို့ သင့်တော်သည့်အချိန်အတွင်း အကြောင်းကြားစာ ချအပ်ခွင့် မရသည့် အမှုများတွင် အမှုသည် မလာရောက်သော်လည်း တစ်ဖက်သတ် ချမှတ်ခွင့်ရသည်။
(၃) ဤပုဒ်မအရ အမိန့်ကို လူတစ်ဦးတစ်ယောက်တည်းသို့ဖြစ်စေ၊ အများပြည်သူသို့ဖြစ်စေ ချအပ်ခွင့် ရသည်။
(၄) မည်သည့် တရားသူကြီးကမဆို မိမိအလိုအလျောက် သော်လည်းကောင်း၊ နစ်နာသူ တစ်ဦး တစ်ယောက်၏ လျှောက်ထားချက်အရသော်လည်းကောင်း ဤပုဒ်မ အရ မိမိ ကိုယ်တိုင် ဖြစ်စေ၊ မိမိလက်အောက်ခံ တရားသူကြီး တစ်ဦးဦး ကဖြစ်စေ၊ မိမိအလျင် ကျသော တရားသူကြီးက ဖြစ်စေ ချမှတ်သည့် အမိန့်တစ်စုံတစ်ရာကို ပယ်ဖျက်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်နိုင် သည်။
(၅) ထိုလျှောက်လွှာမျိုးကို ရရှိသည့်အခါ တရားသူကြီးသည် မိမိရှေ့သို့ ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေဖြင့်ဖြစ်စေ လျှောက်ထားသူအားလာရောက်၍ အမိန့်မချထိုက်ကြောင်း အကြောင်း ပြစေရန် အခွင့်အလမ်းကို ဆောလျင်စွာပေးပြီး လျှောက်လွှာ လုံးလုံးလျားလျားကို သော် လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း ပယ်ခဲ့လျှင် ထိုသို့ပြုလုပ် ရသည့် အကျိုးအကြောင်းကို စာဖြင့်ရေးသားမှတ်တမ်း တင်ထားရမည်။
(၆) လူ့အသက်၊ ကျန်းမာရေး သို့မဟုတ် လုံခြုံမှုကို အန္တရာယ်ဖြစ်စေသည့် အမှုများတွင် ဖြစ်စေ၊ ရုန်းရင်း ဆန်ခတ်မှု သို့မဟုတ် သတ်ပုတ်နှောင့်ယှက်မှု ဖြစ်ပွားရန်ရှိသည့် အမှုများတွင်ဖြစ်စေ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ပြန်တမ်းတွင် အမိန့်ကြော်ငြာစာ ဖြင့် အခြားနည်း ညွှန်ကြားခြင်း မရှိပါက ဤပုဒ်မအရ ချမှတ်သော မည်သည့် အမိန့်မျှ ချမှတ်သည့်နေ့ရက်မှ နှစ်လထက် ပို၍ မတည်စေရ။