(၁) မည်သည့်အခါတွင်မဆို ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ်ပထမတန်းအာဏာရတရားသူကြီးသည် ရဲအစီရင်ခံစာအရသော်လည်းကောင်း၊ အခြား သတင်းပေးချက် အရသော်လည်းကောင်း မိမိစီရင်ပိုင်ခွင့် အာဏာနယ်မြေအတွင်း ၌ မြေနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ရေနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ၎င်းတို့ နယ်နိမိတ်များနှင့် စပ်လျဉ်း ၍ ဖြစ်စေ၊ ငြိမ်ဝပ်ရေးပျက်ပြားမှုကို ထိခိုက်တန်ရာသော အငြင်းပွားမှုတစ်ရပ် ပေါ်ပေါက် နေကြောင်း ကျေနပ်လက်ခံသည့်အခါ မည်သည့်အတွက်ကြောင့် ထိုသို့ကျေနပ် လက်ခံကြောင်း ဖော်ပြလျက် အဆိုပါအငြင်းပွားမှုတွင် ပါဝင်ပတ်သက်နေသူများအား ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေဖြင့်ဖြစ်စေ မိမိသတ်မှတ်ပေးသည့် အချိန်ကာလအတွင်း မိမိ တရားရုံးသို့ လာရောက်စေရန်နှင့် အငြင်းပွား သည့် ပစ္စည်းသည် မည်သူ၏ လက်ဝယ်တွင် အမှန်တကယ်ရှိကြောင်း အသီးသီး အရေးဆိုလျက် စာဖြင့် ရေးသားလျှောက်ထား ကြစေရန် အမိန့်တစ်ရပ်ရေးသား ထုတ်ဆင့်ရမည်။
(၂) ဤပုဒ်မပါ ကိစ္စများအလို့ငှာ မြေ သို့မဟုတ် ရေ ဟူသော စကားရပ်တွင် အဆောက် အအုံများ၊ ဈေးများ၊ အင်းအိုင်များ၊ ကောက်ပဲသီးနှံများ သို့မဟုတ် မြေမှ ထွက်သည့် ပစ္စည်းများနှင့် အဆိုပါပစ္စည်းတို့မှ ရရှိသည့် အခွန်အခများ သို့မဟုတ် အမြတ်အစွန်း များလည်း အကျုံးဝင်သည်။
(၃) ယင်းအမိန့်၏ မိတ္တူတစ်စောင်ကို တရားသူကြီးက ညွှန်ကြားသူ သို့မဟုတ် ညွှန်ကြားသူ များအပေါ် သမ္မန်စာ ချအပ်ရာတွင် ဤဥပဒေအရ ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း ချအပ်ရမည့်အပြင် အနည်းဆုံး မိတ္တူတစ်စောင်ကို အငြင်းပွားသည့် ပစ္စည်းရှိသည့် အရပ် တွင် ဖြစ်စေ၊ ၎င်း၏ အနီးအနားတွင်ဖြစ်စေ ထင်ရှားသောနေရာတွင် ကပ်ခြင်း အားဖြင့် ကြေညာရမည်။
မည်သူ လက်ရှိဖြစ်ကြောင်း စုံစမ်းစစ်ဆေးခြင်း
(၄) ထို့နောက် တရားသူကြီးသည် အငြင်းပွားသည့်ပစ္စည်းကို လက်ဝယ်ရပိုင်ခွင့်နှင့် စပ်လျဉ်း ၍ အမှုသည်တို့၏ တောင်းဆိုချက်များကို မစဉ်းစားသေးဘဲ ၎င်းတို့၏ ရေးသား တင်ပြ ချက်များကို ဖတ်ရှုရမည်။ အမှုသည်များကို ကြားနာရမည်။ ၎င်းတို့အသီးသီးက တင်ပြ လာသည့် သက်သေခံချက် အားလုံးကို လက်ခံရမည်။ အဆိုပါ သက်သေခံချက်များ၏ အကျိုး သက်ရောက်မှုကို စဉ်းစားရမည်။ အကယ်၍ ရှိသေးလျှင် မိမိလိုအပ်သည် ထင်သည့် သက်သေခံ ချက်ကို ထပ်မံယူရမည်။ ဖြစ်နိုင်လျှင် အငြင်းပွားသည့်ပစ္စည်းသည် အမှုသည်တစ်ဦးဦး၏ လက်ရှိ ဟုတ် မဟုတ်နှင့် ဟုတ်ခဲ့ လျှင်လည်း အထက်တွင် ဖော်ပြ ခဲ့သည့် အမိန့်ချမှတ်သည့်နေ့ရက်က မည်သည့် အမှုသည်၏ လက်ရှိဖြစ်ကြောင်း အဆုံး အဖြတ် ပေးရမည်။
သို့ရာတွင် အမှုသည်တစ်ဦးဦးသည် အဆိုပါအမိန့်ထုတ်ပြန်သည့် နေ့ရက်မတိုင်မီ နှစ်လအတွင်းက အတင်းအကြပ်နှင့် မတရားပြုမူခြင်းခံရ၍ ပစ္စည်းလက်လွတ် ဖြစ်ခဲ့ ရသည်ဟု ရာဇဝတ်တရားသူကြီးက ထင်မြင်ယူဆလျှင် ထိုသို့ လက်လွတ်ဖြစ်ရသူကို အဆိုပါနေ့ရက်၌ ၎င်းပစ္စည်း လက်ရှိဖြစ်ခဲ့သူ အဖြစ်ဖြင့် မှတ်ယူဆောင်ရွက်နိုင်သည်။
ထို့ပြင်လည်း တရားသူကြီးက ထိုအမှုကို အရေးပေါ်ကိစ္စတစ်ရပ်အဖြစ် ထင်မြင် ယူဆလျှင် ဤပုဒ်မအရ အဆုံးအဖြတ်မပေးမီ အငြင်းပွားနေသည့်ပစ္စည်းကို အချိန်မရွေး ဝရမ်း ကပ်နိုင်သည်။
(၅) ဆိုခဲ့သည့်အတိုင်း လာရောက်ရန် ဆင့်ဆိုခြင်းခံရသော အမှုသည်တစ်ဦးဦး သို့မဟုတ် အခြားသူ တစ်ဦးဦးက အဆိုပါ အငြင်းပွားမှုမျိုးမရှိကြောင်း သို့မဟုတ် မရှိခဲ့ဘူးကြောင်း မတင်ပြရဟူ၍ ဤပုဒ်မပါ မည်သည့် အချက်ကမျှ မတားဆီးစေရ။ အကယ်၍ တင်ပြနိုင်လျှင် တရားသူကြီးသည် ၎င်း၏ ဆိုခဲ့သောအမိန့်ကို ပယ်ဖျက်ပေးရမည်။ ထို့ပြင် ယင်းအမှုနှင့် စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်ခြင်းအားလုံးကို ဆိုင်းငံ့ရမည်။ သို့သော် အဆိုပါ အမိန့်ကို ပယ်ဖျက်ခြင်းမပြုလျှင် ပုဒ်မခွဲ (၁) အရ ချမှတ်ခဲ့သော တရားသူကြီး၏ အမိန့်သည် အပြီးသတ်အတည် ဖြစ်စေရမည်။
လက်ရှိဖြစ်နေသော အမှုသည် သည် တရားဥပဒေအရ နှင်ထုတ်ခြင်းမခံရမချင်း ဆက်၍ လက်ရှိဖြစ်ရခြင်း
(၆) အကယ်၍ တရားသူကြီးက အမှုသည် တစ်ဦးဦးမှာ အငြင်းပွားသည့်ပစ္စည်း လက်ရှိဖြစ် ခဲ့သည် သို့မဟုတ် ပုဒ်မခွဲ (၄) ၏ ပထမခြွင်းချက်အရ အဆိုပါ အငြင်းပွား ပစ္စည်းကို လက်ရှိဖြစ်ခဲ့သူ အဖြစ် မှတ်ယူဆောင်ရွက် သင့်သည်ဟု ဆုံးဖြတ်လျှင် ထိုအမှုသည်မှာ တရားဥပဒေ နည်းလမ်းနှင့်အညီ ထိုပစ္စည်းမှ နှင်ထုတ်ခြင်း မခံရသရွေ့ ယင်းပစ္စည်း လက်ရှိ ဖြစ်ထိုက်သူဖြစ်ကြောင်း ကြေညာပြီး ယင်းကဲ့သို့ နှင်ထုတ်ခြင်း မခံရသရွေ့ ၎င်း၏ လက်ရှိဖြစ်မှုကိုမည်သို့မျှ မနှောင့်ယှက်ရန် တားမြစ်ပိတ်ပင်သော အမိန့်တစ်ရပ် ထုတ်ဆင့် ရမည့်အပြင် ပုဒ်မခွဲ (၄) ၏ ပထမခြွင်းချက်အရ ဆောင်ရွက်သည့် အခါ အတင်းအကြပ်နှင့် မတရားပြုမူခံရ၍ လက်လွတ်ဖြစ်ခဲ့ရသည့် အမှုသည်ကို လက်ရှိအဖြစ် သို့ ပြန်ပေးနိုင်သည်။
(၇) ဤအမှုမျိုးမှ အမှုသည်တစ်ဦးဦး သေဆုံးသောအခါတွင် တရားသူကြီးသည် သေဆုံး သော အမှုသည်၏ တရားဝင်ကိုယ်စားလှယ်ကို အမှုတွင် အမှုသည်တစ်ဦး အဖြစ်ထည့်သွင်းပြီး စုံစမ်းစစ်ဆေးမှုကို ဆက်လက် ပြုလုပ်ရမည်။ ၎င်းပြင် ထိုသို့ ဆက်လက်ဆောင်ရွက်ရန် အတွက် သေဆုံးသူ အမှုသည်၏ တရားဝင်ကိုယ်စားလှယ်မှာ မည်သူဖြစ်သည်ဟု ပြဿနာ ပေါ်ပေါက် ခဲ့လျှင် သေဆုံးသူအမှုသည်၏ တရားဝင် ကိုယ်စားလှယ်များ ဖြစ်ကြောင်း အရေးဆိုသူ အားလုံးကို အမှုသည်များအဖြစ် ထည့်သွင်းပေးရမည်။
(၈) တရားသူကြီးက မိမိရှေ့မှောက်တွင် ဤပုဒ်မအရ ဆောင်ရွက်နေသည့်အမှုမှ အငြင်းပွား ပစ္စည်းပေါ်ရှိ ကောက်ပဲသီးနှံများ သို့မဟုတ် အခြားထွက်ကုန်များသည် သဘာဝ အလျောက် ပျက်စီးလွယ်သည်ဟု ထင်မြင်လျှင် ယင်းပစ္စည်းကို စနစ်တကျ သိမ်းဆည်း ထားရန် သို့မဟုတ် ရောင်းချရန်အမိန့်ချမှတ်နိုင်သည်။ စုံစမ်း စစ်ဆေးမှု ပြီးစီးသည့်အခါ အဆိုပါပစ္စည်းများ သို့မဟုတ် ၎င်းတို့ကို ရောင်းချ၍ ရရှိသည့်ငွေများကို စီမံရန် မိမိ သင့်သည် ထင်မြင်သည့်အတိုင်း အမိန့်ချမှတ်ပေးရမည်။
(၉) တရားသူကြီးသည် ဤပုဒ်မအရ ဆောင်ရွက်သည့်မှုခင်း၏ မည်သည့်အဆင့်၌မဆို အမှု သည် တစ်ဦးဦးက လျှောက်ထားလာလျှင် သက်သေတစ်ဦးတစ်ယောက်အား တရားရုံးသို့ လာရောက် ရန်ဖြစ်စေ၊ စာတမ်းအမှတ်အသား သို့မဟုတ် အရာဝတ္ထုတစ်စုံတစ်ရာကို တင်ပြ စေရန်ဖြစ်စေ မိမိသင့်သည်ထင်မြင်သည့်အတိုင်း သမ္မန်စာ ထုတ်ဆင့်နိုင်သည်။
(၁၀) ဤပုဒ်မပါမည်သည့်အချက်ကမျှ ပုဒ်မ ၁ဝ၇ အရ ဆက်လက်ဆောင်ရွက်ရန် တရားသူကြီး၏ အာဏာများကို ယုတ်လျော့သွားစေသည်ဟု မမှတ်ယူရ။