(၁) သက်သတစ်ဦးစီ၏ သက်သေခံချက်ကို ပုဒ်မ ၃၅၆ အရ ရေးမှတ်ခြင်း ပြီးဆုံးသောအခါ ထိုသက်သေခံချက်ကို ရောက်ရှိနေသော တရားခံ၏ရှေ့တွင်၊ သို့မဟုတ် တရားခံမှာ ရှေ့နေပါလျှင် ထိုရှေ့နေ၏ရှေ့တွင် သက်သေအား ပြန်ဖတ်ပြရမည်။ ထို့ပြင် လိုအပ်လျှင် ပြင်ရမည့်အပြင် အဆိုပါ သက်သေခံချက်ရယူသော စာမျက်နာအသီးသီး၌ သက်သေက လက်မှတ်ရေးထိုးရမည်။
(၂) သက်သေခံချက်ကို ၎င်းအား ပြန်ဖတ်ပြသောအခါ မည်သည့် သက်သေ ခံချက်၏ အစိတ်အပိုင်းကိုမဆို မှန်ကန်မှုမရှိဟု သက်သေကငြင်းလျှင် တရားသူကြီး၊ သို့မဟုတ် ခရိုင်တရားသူကြီးသည် သက်သေခံချက်ကို ပြင်မည့်အစား ၎င်းသက်သေ၏ ကန့်ကွက်ချက်ကို အကျဉ်းချုပ်မှတ်တမ်း ရေးသားနိုင်သည်။၎င်းအပြင်မိမိလိုအပ်သည်ဟု ထင်မြင်သည့် မှတ်ချက်များကို ဖြည့်စွက် ရေးသားရမည်။
(၃) သက်သေခံချက်ကို သက်သေထွက်ဆိုသည့် ဘာသာစကားနှင့် မတူသော ဘာသာစကားတစ်ရပ်ဖြင့် ရေးမှတ်ယူလျှင်၊ ထို့ပြင် သက်သေက ထိုကဲ့သို့ရေးမှတ်သည့် ဘာသာစကားကို နားလည်လျှင် ထိုကဲ့သို့ရေးမှတ်ထားသော သက်သေခံချက်ကို သက်သေ ထွက်ဆိုသော ဘာသာစကားဖြင့်၊ သို့မဟုတ် ၎င်းသက်သေနားလည်သော ဘာသာစကားတစ်ရပ်ဖြင့် သက်သေအား ဘာသာပြန်ဆိုပေးရမည်။