(၁) နိုင်ငံတော်သမ္မတသည် ခရိုင်ရာဇဝတ်တရားသူကြီးအပြင် မိမိ သင့်သည် ထင်မြင်သည့် လူဦးရေ မည်မျှကိုမဆို ပထမတန်း၊ ဒုတိယတန်း သိုမဟုတ် တတိယတန်း အာဏာရ တရားသူကြီး များအဖြစ် မည်သည့် ခရိုင်တွင်မဆို ခန့်ထားနိုင်သည်။ ထိုပြင် နိုင်ငံတော် သမ္မတက သိုမဟုတ် နိုင်ငံတော် သမ္မတ၏ ကြီးကြပ်မှုဖြင့် ခရိုင်ရာဇဝတ်တရားသူကြီးက ထိုသူများကို အခါအားလျော်စွာ ဤဥပဒေအရ အပ်နှင်းထားသည့် အာဏာများ အားလုံးကို ဖြစ်စေ၊ အာဏာတစ်ခုခုကို ဖြစ်စေ သုံးစွဲနိုင်ရန် အရပ်ဒေသများကို သတ်မှတ် နိုင်သည်။
၎င်းတို့၏ စီရင်ပိုင်ခွင့် အာဏာနယ်မြေများ
(၂) ဆိုခဲ့သည့်အတိုင်း သတ်မှတ်ပိုင်းခြားခြင်းဖြင့် အခြား ပြဋ္ဌာန်းထားသည်မှတစ်ပါး ယင်းရာဇဝတ် တရားသူကြီးတို၏ စီရင်ပိုင်ခွင့်အာဏာများမှာ ၎င်းခရိုင်တစ်ဝန်းလုံးနှင့် သက်ဆိုင်သည်။
(၃) မည်သည့် ဥပဒေတွင် မည်သိုပင် ပါရှိစေကာမူ ၁၉၄၇ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံး (ပြင်ဆင်ချက်) အက်ဥပဒေ စတင်အာဏာတည်သည့် နေ့ရက်မတိုင်မီက သူကောင်းပြု ရာဇ၀တ် တရားသူကြီး အဖြစ် ခန့်ထားခြင်းခံရသူတိုင်းသည် ပုဒ်မခွဲ (၁) အရ ခန့်ထားသည်ဟု မှတ်ယူရမည့်အပြင် ထိုသို့ ခန့်ထားခြင်းမှာ ခန့်ထားသည့်နေ့ရက်မှ သုံးနှစ် ကာလအတွက်သာ ဖြစ်သည်ဟု မှတ်ယူ ရမည်။