ပုဒ်မ ၂၁
ပုဒ်မ ၂၁
ဝန်ခံချက်များကို ဝန်ခံချက်ပြုသူတို့အား သက်သေထင်ရှားစေခြင်း၊ ထို့ပြင်ဝန်ခံချက်ပြုသူတို့က သော်လည်းကောင်း၊ ယင်းတို့အတွက်အခြားသူတို့ကသော်လည်းကောင်း ထိုဝန်ခံချက်များကိုသက် သေထင်ရှားစေခြင်း

ဝန်ခံချက်များသည် အမှု၌စပ်ဆိုင်သော်အချက်များဖြစ်သည့်ပြင် ဝန်ခံချက်ပြုသူကိုဖြစ်စေ၊ ယင်း၏ အကျိုးဆက်ခံသည့်ကိုယ်စားလှယ်ကိုဖြစ်စေ ဆန့်ကျင်၍လည်း ထိုခံဝန်ချက်များကိုသက်သေထင်ရှား တင်ပြနိုင်သည်။ သို့သော်လည်း ဝန်ခံချက်ပြုသူကိုယ်တိုင်သော်လည်းကောင်း၊ ယင်းအတွက် အခြား သူကသော်လည်းကောင်း၊ယင်းအကျိုးဆက်ခံသည့် ကိုယ်စားလှယ်ကသော်လည်းကောင်းအဆိုပါဝန်ခံ ချက်များကို သက်သေထင်ရှားအဖြစ်အောက်ပါ ကိစ္စများမှာမှတစ်ပါးသက်သေတင်ပြခြင်းမပြုနိုင်ချေ-

(၁) အကယ်၍ ဝန်ခံချက်ပြုသူသေဆုံးခဲ့သော် ထိုဝန်ခံချက်မှာအခြားအမှုသည်များအကြားဖြစ်ပွားသည့် အမှုတွင် ပုဒ်မ ၃၂ အရစပ်ဆိုင်လျှင် ဝန်ခံချက်ပြုသူကဖြစ်စေ၊ ထိုသူအတွက်အခြားသူကဖြစ်စေအဆိုပါ ဝန်ခံချက်ကို သက်သေထင်ရှားတင်ပြနိုင်သည်။

(၂) ဝန်ခံချက်တွင် စိတ်၏သို့မဟုတ် ကိုယ်ခန္ဓာ၏အခြေအနေတစ်ရပ်ရပ်အမှန်တည်ရှိကြောင်း ထွက်ဆိုချက်ပါရှိ၍အဆိုပါစိတ်၏ သို့မဟုတ် ကိုယ်ခန္ဓာ၏အခြေအနေအမှန်တည်ရှိခြင်းမှာလည်း စပ်ဆိုင်ခြင်း သို့မဟုတ် အငြင်းဖြစ်ခြင်းဖြစ်သည့်ပြင်ဆိုခဲ့သောစိတ်၏ သို့မဟုတ် ကိုယ်ခန္ဓာ၏ အခြေအနေအမှန်တည်ရှိသည့် အချိန် သို့မဟုတ် ထိုအချိန်လောက်တွင်ထိုသို့ထွက်ဆိုခြင်းဖြစ်ပြီး၊ သို့ထွက်ဆိုရာ၌လည်းလိမ် လည်ပြောဆိုခြင်းမဟုတ်တန်ရာဟု ကောက်ယူထိုက်သည့်အပြုအမူပါရှိလျှင် ဝန်ခံချက်ပြုသူကဖြစ်စေ၊ ထိုသူအတွက် အခြားသူကဖြစ်စေ ထိုဝန်ခံချက်ကိုသက်သေထင်ရှားတင်ပြ နိုင်သည်။

(၃) ဝန်ခံချက်မှာ ဝန်ခံချက် အဖြစ်ဖြင့်မဟုတ်ဘဲ၊အခြားနည်းဖြင့်စပ်ဆိုင်လျှင် ဝန်ခံချက်ပြုသူကဖြစ်စေ၊ ထိုသူအတွက် အခြားသူကဖြစ်စေ ထိုဝန်ခံချက်ကိုသက်သေထင်ရှားတင်ပြနိုင်သည်။

ဥပမာများ

(က) B နှင့် A တို့နှစ်ဦးတွင် ပြဿနာမှာ စာချုပ်တစ်စောင်သည် အတုပြုလုပ်ထားခြင်းဟုတ်မဟုတ် ဖြစ်သည်။

A က စာချုပ်သည် အစစ်အမှန်ဖြစ်သည်ဟုဆိုသည်။ B ကအတုဖြစ်သည်ဟုဆိုသည်။

စာချုပ်မှာ အစစ်အမှန်ဖြစ်သည်ဟူသော B ၏ထွက်ဆိုချက်ကို A က သက်သေထင်ရှားပြနိုင်သည်။ စာချုပ်မှာအတုဖြစ်သည်ဟူသော A ၏ထွက်ဆိုချက်ကို B ကသက်သေထင်ရှားတင်ပြနိုင်သည်။ သို့ရာတွင် A ကစာချုပ်မှာအစစ်အမှန်ဖြစ်သည်ဟု မိမိကိုယ်တိုင်၏ထွက်ဆိုချက်ကို သက်သေထင်ရှား မတင်ပြနိုင်။

ထို့အတူ B ကစာချုပ်အတုဖြစ်သည်ဟု မိမိကိုယ်တိုင်၏ထွက်ဆိုချက်ကို သက်သေထင်ရှားမတင်ပြနိုင်။

(ခ) သင်္ဘောမှူး A သည် သင်္ဘောကိုရေတွင်မျောသွားစေမှုဖြင့် စစ်ဆေးစီရင်ခြင်းခံရသည်။

သင်္ဘောကို သွားရိုးလမ်းစဉ်မှလွှဲဖယ်၍ သွားစေသည်ဟု သက်သေခံချက်တင်ပြသည်။

A ကလုပ်ရိုးလုပ်စဉ်အတိုင်းစာအုပ်တစ်အုပ်ထားရှိ၍ နေ့စဉ်တွေ့ရှိချက်များကို ရေးမှတ်ထားသဖြင့် သင်္ဘောသည်သွားရိုးလမ်းကြောင်းမှ လွှဲဖယ်၍သွားခြင်းမရှိကြောင်းဖော်ပြထားသော ထိုစာအုပ်ကိုတင်ပြသည်။ ထိုရေးသားချက်များသည် အကယ်၍ A သေဆုံးခဲ့လျှင် အခြားသူများအကြားဖြစ်ပွားသည့် အမှု တွင် ပုဒ်မ ၃၂၊ အပိုဒ် (၂) အရ၊ သက်သေခံဝင်မည်ဖြစ်၍ A က ထိုရေးသားချက်များမှန်ကြောင်းသက် သေ ထင်ရှားတင်ပြနိုင်သည်။

(ဂ) A သည်ရန်ကုန်မြို့တွင်ပြစ်မှုတစ်ခုကိုကျူးလွန်သည်ဟုစွပ်စွဲခြင်းခံရသည်။ သူသည်ထိုနေ့စွဲဖြင့်မေမြို့မှ မိမိရေးသားထား၍ မေမြို့စာတိုက်မှ နေ့စွဲတံဆိပ်ပါရှိသောစာတစ်စောင်ကိုတင်ပြသည်။

အကယ်၍ A သေဆုံးလျှင် ထိုစာတွင်ပါရှိသောနေ့စွဲပါဖော်ပြချက်မှာ ပုဒ်မ ၃၂၊ အပိုဒ် (၂) အရ သက်သေခံဝင်မည်ဖြစ်သောကြောင့် ထိုနေ့စွဲပါဖော်ပြချက်မှာ သက်သေခံဝင်သည်။

(ဃ) A သည် ပစ္စည်းကို ခိုးရာပါပစ္စည်းဖြစ်ကြောင်းသိလျက်နှင့် လက်ခံသည်ဟုစွပ်စွဲခြင်းခံရသည်။

သူကပစ္စည်းကို တန်ဖိုးထက်လျော့နည်း၍ ရောင်းခြင်းမပြုနိုင်ကြောင်း မိမိငြင်းဆိုခဲ့သည်ကို သက်သေခံ တင်ပြလာသည်။

ထိုသို့ ငြင်းဆိုသည့် ထွက်ဆိုချက်များသည် ဝန်ခံချက်များဖြစ်သော်လည်းအငြင်းဖြစ်သည့် အကြောင်း ခြင်းရာများ၏အရှိန်ဩဇာသက်ရောက်သည့် အပြုအမူကိုရှင်းလင်းဖော်ပြသောကြောင့် A က ထိုထွက်ဆို ချက်များကိုသက်သေထင်ရှားတင်ပြနိုင်သည်။

(င) A သည်ဒင်္ဂါးအတုဖြစ်ကြောင်းသိလျက်နှင့် လိမ်လည်လိုသောကြောင့် ထိုဒင်္ဂါးကိုလက်ရှိထားသည် ဟုစွပ်စွဲခြင်းခံရသည်။

သူက ဒင်္ဂါးအတု ဟုတ် မဟုတ် မိမိမသင်္ကာသဖြင့် ကျွမ်းကျင်သောသူတစ်ဦးအားစစ်ဆေးကြည့်ရှုစေရာ ထိုသူက စစ်ဆေးပြီးနောက် ဒင်္ဂါးအစစ်ဖြစ်သည်ဟု ပြောဆိုကြောင်းသက်သေထင်ရှားတင်ပြလိုသည်ဟု ကမ်းလှမ်းပြောဆိုသည်။

A သည် ဤအကြောင်းခြင်းရာများအားအထက်ဥပမာအတိုင်း သက်သေထင်ရှားတင်ပြနိုင်သည်။