ပုဒ်မ ၄၅
ပုဒ်မ ၄၅
အခြားသူများ၏ထင်မြင်ချက်များသည် မည်သည့်အခါအမှု၌စပ်ဆိုင်ခြင်း

ကျွမ်းကျင်သူတို့၏ ထင်မြင်ချက်များ။

အခြားနိုင်ငံ၏ ဥပဒေအချက်တစ်ခုနှင့်စပ်လျဉ်း၍ဖြစ်စေ၊ သိပ္ပံပညာ သို့မဟုတ် ဝိဇ္ဇာပညာဆိုင်ရာ အချက်တစ်ခုနှင့်စပ်လျဉ်း၍ဖြစ်စေ၊ လက်ရေးလက်သား သို့မဟုတ် လက်ဗွေပုံစံတူ မတူနှင့်စပ်လျဉ်း၍ဖြစ်စေ တရားရုံးက ဆင်ခြင်သုံးသပ်ရန်ရှိသည့်အခါ အဆိုပါအခြားနိုင်ငံ၏ဥပဒေ၊ သိပ္ပံပညာ၊ သို့မဟုတ် ဝိဇ္ဇာပညာရပ်တွင်ဖြစ်စေ လက်ရေးလက်သား သို့မဟုတ် လက်ဗွေပုံစံတူ မတူနှိုင်းယှဉ်စိစစ်ရာတွင်ဖြစ်စေ ကျွမ်းကျင်တတ်မြောက်သူတို့က ဆိုခဲ့သည့် အကြောင်းခြင်းရာနှင့် စပ်လျဉ်း၍ ပေးသောထင်မြင် ချက်များသည် အမှု၌စပ်ဆိုင်သောအကြောင်းခြင်းရာများဖြစ်သည်။

အဆိုပါ ပုဂ္ဂိုလ်များကိုကျွမ်းကျင်သူများဟုခေါ်သည်။

ဥပမာများ

(က) ပြဿနာမှာ A သည် အဆိပ်ကြောင့်သေဆုံးရခြင်းဟုတ်မဟုတ် ဖြစ်သည်။

A စား၍သေဆုံးသည်ဆိုသောအဆိပ်ကြောင့် ပေါ်ပေါက်လာတတ်သော လက္ခဏာများနှင့်စပ်လျဉ်း၍ ကျွမ်းကျင်သူတို့၏ထင်မြင်ချက်များသည်စပ်ဆိုင်သည်။

(ခ) ပြဿနာမှာ A သည်တစ်စုံတစ်ခုသောပြုလုပ်မှုကိုပြုစဉ်အခါက စိတ်ပေါ့သွပ်ခြင်းကြောင့် ထိုပြုလုပ် မှုသည် မည်သို့သောသဘောရှိသည်ကိုသော်လည်းကောင်း၊ မိမိသည်မှားယွင်းသောသို့မဟုတ် တရား ဥပဒေနှင့် ဆန့်ကျင်သောအမှုကိုပြုလျက်ရှိသည်ကိုသော်လည်းကောင်း၊ သိနိုင်စွမ်းရှိမရှိဖြစ်သည်။

A ၌ တွေ့ရှိရသော လက္ခဏာများသည် ဖြစ်ရိုးဖြစ်စဉ်အားဖြင့် စိတ်ပေါ့သွပ်ခြင်း၏လက္ခဏာများ ဟုတ် မဟုတ်နှင့် ထိုသို့စိတ်ပေါ့သွပ်သူတို့သည် စိတ်ပေါ့သွပ်ခြင်းကြောင့်၊ မိမိတို့၏ပြုလုပ်မှုများသည်မည်သို့ သောသဘောရှိသည်ကိုသော်လည်းကောင်း၊ မိမိတို့၏ပြုလုပ်ချက်သည် မှားယွင်းသည် သို့မဟုတ် တရားဥပဒေနှင့် ဆန့်ကျင်သည်ကိုသော်လည်းကောင်း သိနိုင်စွမ်းမရှိသည့်အဖြစ်သို့ရောက်မြဲ ဟုတ်မဟုတ်ဆိုသည့်ပြဿနာနှင့် စပ်လျဉ်း၍ ကျွမ်းကျင်သူတို့၏ ထင်မြင်ချက်များသည်စပ်ဆိုင်သည်။

(ဂ) ပြဿနာမှာ စာတမ်းအမှတ်အသားတစ်ခုကို A က ရေးမရေးဖြစ်သည်။

A ရေးကြောင်း သက်သေထင်ရှားတင်ပြပြီးဖြစ်သော သို့မဟုတ် ဝန်ခံပြီးဖြစ်သော အခြားစာတမ်း အမှတ်အသားတစ်ခုကို တင်ပြထားသည်။

ထိုစာတမ်းအမှတ်အသားနှစ်ခုကို တစ်ဦးတည်းကရေးသားသည်သို့မဟုတ်တစ်ဦးစီကရေးသားသည် ဆိုသောပြဿနာနှင့်စပ်လျဉ်း၍ ကျွမ်းကျင်သူတို့၏ ထင်မြင်ချက်များသည် စပ်ဆိုင်သည်။