၁၁၂။ အားပေးကူညီခြင်းခံရသော ပြုလုပ်မှုအပြင်တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မအရ အားပေး ကူညီသူ၌ တာဝန်ရှိသည့် ပြုလုပ်မှုကိုလည်း ပြုလျှင်၊ ထို့ပြင် ထိုပြုလုပ်မှုသည် သီးခြားပြစ်မှုဖြစ်လျှင် အားပေးကူညီသူသည် ပြစ်မှုအသီးသီးအတွက် ပြစ်ဒဏ်ချမှတ်ခြင်း ခံထိုက်သည်။
ဥပမာ
ပြည်သူ့ဝန်ထမ်းတစ်ဦးက ပစ္စည်းကို ဝရမ်းဖမ်းရာတွင် အတင်းအကျပ် ခုခံစေရန် A က B ကို လှုံ့ဆော်၏။ ပစ္စည်းဝရမ်းဖမ်းခြင်းကို B က ခုခံ၏။ ထိုသို့ခုခံရာတွင် B သည် ပစ္စည်းဝရမ်းဖမ်းသူအရာရှိကို မိမိအလို အလျောက် အပြင်းအထန် နာကျင်အောင်ပြု၏။ B သည် ပစ္စည်း ဝရမ်းဖမ်းခြင်းကို ခုခံသည့်ပြစ်မှုအပြင် မိမိအလိုအလျောက် အပြင်းအထန်နာကျင်အောင်ပြုသည့် ပြစ်မှုကိုလည်း ကျူးလွန်သည်ဖြစ်သောကြောင့် ထိုပြစ်မှုနှစ်ရပ်လုံးအတွက် ပြစ်ဒဏ်ချမှတ်ခြင်းခံထိုက်သည်။ ပစ္စည်းဝရမ်းဖမ်းခြင်းကို ခုခံရာတွင် B သည် မိမိအလိုအလျောက် အပြင်းအထန်နာကျင်အောင် ပြုတန်ရာသည်ကို A သိခဲ့လျှင် A သည်လည်း ထိုပြစ်မှု အသီးသီးအတွက် ပြစ်ဒဏ်ချမှတ်ခြင်း ခံထိုက်သည်။