မည်သူ့ကိုမဆို အာမခံဖြင့်၊ သို့မဟုတ် သူ၏ ကိုယ်တိုင်ခံဝန်ချုပ်ဖြင့် မလွှတ်မီ သက်ဆိုင်ရာရာရဲအရာရှိ၊ သို့မဟုတ် တရားရုံးက လုံလောက်သည်ဟု ထင်မြင်သည့် ငွေကြေး ပမာဏအတွက် ခံဝန်ချုပ်တစ်ခုကို အဆိုပါသူအားလည်းကောင်း၊ ထိုသူအား အာမခံဖြင့် လွှတ်သောအခါ ခံဝန်ချုပ်၌ဖော်ပြထားသောအချိန်နှင့် နေရာတွင် ထိုသူလာရောက်စေပါမည်၊ ထို့ပြင် သက်ဆိုင်ရာရာ ရဲအရာရှိ၊ သို့မဟုတ် တရားရုံးက အခြားနည်း မညွှန်ကြားသေးသမျှ ထိုကဲ့သို့ ဆက်လက် လာရောက်စေပါမည်ဟု တာဝန်ယူသည့် တစ်ဦး၊ သို့မဟုတ် တစ်ဦးထက် ပိုသော လုံလောက်သည့် အာမခံသူများအားလည်းကောင်း ချုပ်ဆိုစေရမည်။
(၂) အမှုက ထိုသို့လိုအပ်လျှင် ခံဝန်ဖြင့် လွှတ်ပေးခြင်းခံရသူကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ဖြစ်စေ၊ စက်ရှင်တရားရုံးသို့ဖြစ်စေ၊ အခြားတရားရုံးတစ်ရုံးသို့ဖြစ်စေ စွဲချက်ကို ဖြေရှင်းရန် ဆင့်ခေါ်သောအခါ လာရောက်စေရန်အတွက်လည်း ခံဝန်ချုပ်ဖြင့် ချုပ်ကိုင်ရမည်။