(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည်-
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က အတည်ပြုသော ဥပဒေကြမ်းများကို လက်ခံရရှိ သည့်နေ့၏ နောက်တစ်နေ့မှ ခုနစ်ရက်အတွင်း သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ လက်မှတ် ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်၊
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က အတည်ပြုသော ဥပဒေကြမ်း များကို လက်ခံရရှိသည့်နေ့၏ နောက်တစ်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန် ကြေညာရမည်။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန် ကြေညာရန် သတ်မှတ်ထားသည့် ကာလအတွင်း ဥပဒေကြမ်းကို ဝန်ကြီးချုပ်က လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်းမပြုလျှင် သတ်မှတ်ကာလ ပြည့်မြောက်သည့်နေ့ရက်တွင် ဥပဒေ ကြမ်းသည် ဝန်ကြီးချုပ်၏ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြီးသော ဥပဒေများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ မှတ်ယူရ မည် ဖြစ်သောဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။ ထိုဥပဒေတွင် သီးခြား ဖော်ပြချက် မပါလျှင် ထုတ်ပြန်ကြေညာ သည့်နေ့မှစ၍ အာဏာတည်ရမည်။