ပုဒ်မ ၂၄၀
ပုဒ်မ ၂၄၀
ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

(က) ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်၊

(ခ) ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်သည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက် လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊

(ဂ) နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်အား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့် အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှရပ်စဲရမည်၊

(ဃ) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့ နေချုပ်ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ် ခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်အသစ် သို့မဟုတ် ဒုတိယရှေ့နေချုပ်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်၏ရာထူး သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်၊

(င) (၁) ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့အား ခန့်အပ်တာဝန်ပေးသည့် နိုင်ငံတော် သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့် ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတ ရာထူးလစ်လပ်လျှင် အစားထိုး ရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံတော်သမ္မတအသစ်သည် ယင်းတို့အား ဆက်လက်တာဝန်ပေး နိုင်သည် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်အသစ်နှင့် ဒုတိယရှေ့နေချုပ်အသစ်များကို ခန့်အပ်တာဝန်ပေးနိုင်သည်။ ယင်းသို့ ခန့်အပ်တာဝန်ပေးမည် ဆိုပါက ပြည်ထောင်စုရှေ့နေချုပ်အသစ်နှင့် ဒုတိယရှေ့နေချုပ်အသစ်များကို ခန့်အပ်တာဝန်ပေးပြီးသည့် အချိန် အထိ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့အား ယင်းတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်စေနိုင်သည်၊

(၂) အစားထိုးခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုရှေ့နေချုပ်အသစ်နှင့် ဒုတိယရှေ့နေချုပ် အသစ်တို့၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတအသစ်၏ ကျန်ရှိသည့်ရာထူးသက်တမ်း ကုန်ဆုံး သည်အထိသာ ဖြစ်ရမည်။

(စ) ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များ ကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။



ကျင့်ထုံး