ဆိုခဲ့သည့်သူကို ပုဒ်မ ၄၆၆ ပါပြဋ္ဌာန်းချက်များအရ ထိန်းသိမ်းထားလျှင် ထို့ပြင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားသူ ဖြစ်ပါက အကျဉ်းထောင်မင်းကြီးကဖြစ်စေ၊ စိတ္တဇဆေးရုံတွင် ထိန်းသိမ်းထားပါက စိတ္တဇဆေးရုံကြည့်ရှုရသူများ၊ သို့မဟုတ် ၎င်းအနက် နှစ်ဦးကဖြစ်စေ ဆိုခဲ့သူမှာ ခုခံချေပနိုင်စွမ်းရှိပြီဟု ထင်မြင်ယူဆသောကြောင့် ယင်းသို့ ထင်မြင်ယူဆကြောင်း သက်သေခံ လက်မှတ်ထုတ်ပေးသည့်အခါ ဆိုခဲ့သည့်သူကို သက်ဆိုင်ရာ ရာဇဝတ် တရားသူကြီး၊ သို့မဟုတ် တရားရုံးရှေ့သို့ အဆိုပါရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးက ချိန်းဆိုသည့်အချိန်တွင် တင်ပို့ရမည်။ ထို့ပြင် အဆိုပါရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးသည် ဆိုခဲ့သည့် သူအား ပုဒ်မ ၄၆၈ ပါပြဋ္ဌာန်းချက်များအရ အရေးယူဆောင်ရွက်ရမည်။ အဆိုပါအကျဉ်းထောင်မင်းကြီး၊ သို့မဟုတ် စိတ္တဇဆေးရုံကြည့်ရှုရသူများ၏ သက်သေခံလက်မှတ် ကို သက်သေခံအဖြစ် လက်ခံထိုက်စေရမည်။