(၁) တရားရုံးတစ်ရုံးက ထုတ်ဆင့်သည့် သမ္မန်စာကို ယင်းတရားရုံး၏ စီရင်ပိုင်ခွင့် အာဏာ ရှိသည့် နယ်မြေပြင်ပတွင် ချအပ်သည့်အခါ၊ ထို့ပြင် မည်သည့်အမှုတွင်မဆို သမ္မန်စာ ချအပ်ခဲ့သည့် အရာရှိသည် ယင်းအမှု စစ်ဆေးစီရင်ရာ၌ မရောက်ရှိသည့် အခါမျိုးတွင် ယင်းသို့ သမ္မန်စာ ချအပ်ပြီးကြောင်း ရာဇဝတ်တရားသူကြီးရှေ့မှောက်တွင် ပြုလုပ်သည့် ကတိသစ္စာပြုလွှာနှင့်တကွ ပုဒ်မ ၆၉ သို့မဟုတ် ပုဒ်မ ၇ဝ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လက်ခံ ရရှိကြောင်း ထပ်ဆင့်ရေးသား၍ လက်မှတ်ရေးထိုးထားသည့် သမ္မန်စာတစ်စောင် ကို သက်သေခံအဖြစ် လက်ခံခွင့်ရှိစေရမည်။ ဆိုခဲ့သော ကတိသစ္စာပြုလွှာ၌ ပါရှိသည့် စကားရပ်များကို မဟုတ်မမှန်ကြောင်း သက်သေထင်ရှား မပြနိုင်လျှင် သို့မဟုတ် မပြနိုင်သမျှ ကာလပတ်လုံး ထိုစကားရပ်များသည် မှန်ကန်သည် ဟု မှတ်ယူရမည်။
(၂) ဤပုဒ်မတွင် ဖော်ပြသည့် ကတိသစ္စာပြုလွှာကို သမ္မန်စာမူရင်းခွဲနှင့် တွဲလျက် တရားရုံးသို့ ပြန်လည် ပေးပို့နိုင်သည်။