ပုဒ်မ ၅၂၃
ပုဒ်မ ၅၂၃
ပုဒ်မ ၅၁ အရ၊ ရယူသည့်ပစ္စည်း သို့မဟုတ် ခိုးရာပါပစ္စည်းကို ဖမ်းဆီးသည့်အခါ ရဲတပ်ဖွဲ့ဝင်တို့ လိုက်နာရန် ကျင့်ထုံး

(၁) ပုဒ်မ ၅၁ အရ ရယူသည့် ပစ္စည်းကိုဖြစ်စေ၊ ခိုးရာပါပစ္စည်းဖြစ်ကြောင်း အဆိုရှိသော ပစ္စည်းကိုဖြစ်စေ၊ ခိုးရာပါပစ္စည်းဖြစ်ကြောင်း သင်္ကာမကင်းသည့် ပစ္စည်းကိုဖြစ်စေ၊ တွေ့ရှိရသည့် အခြေအနေကို ထောက်ရှု၍ ပြစ်မှုတစ်စုံတစ်ရာ ကျုးလွန်ကြောင်း သင်္ကာမကင်းသည့် ပစ္စည်းကိုဖြစ်စေ မည်သည့် ရဲအရာရှိကမဆို သိမ်းဆည်းသည့်အကြောင်းကို ရာဇဝတ် တရားသူကြီးတစ်ဦးထံသို့ ချက်ချင်း အစီရင်ခံရမည်။ ၎င်းရာဇဝတ်တရားသူကြီးကလည်း အဆိုပါ ပစ္စည်းကို စီမံခန့်ခွဲရန်အကြောင်း၊ သို့မဟုတ် ပစ္စည်းလက်ရှိထားခွင့်ရှိသူသို့ ပေးအပ်ရန်အကြောင်းနှင့် စပ်လျဉ်း၍ သင့်သည်ထင်မြင်သည့်အမိန့်ကို မိမိချမှတ်ရမည်၊ သို့မဟုတ် အဆိုပါသူအား စိစစ်ရှာဖွေနိုင်ခြင်းမရှိလျှင် အဆိုပါပစ္စည်းကို ထိန်းသိမ်းထားရန်နှင့် တင်ပြရန်အကြောင်းများနှင့် စပ်လျဉ်း၍ သင့်သည်ထင်မြင်သည့်အမိန့်ကို ချမှတ်ရမည်။

သို့ရာတွင် ကျွဲ၊ နွား၊ စပါး၊ သို့မဟုတ် ဆန်၊ သို့မဟုတ် လှေ၊ သို့မဟုတ် အခြားဝန်လေးသည့် ပစ္စည်းတစ်ခုခုကို သိမ်းဆည်းခဲ့သည့် မည်သည့် ရဲအရာရှိမဆို ရာဇဝတ်တရား သူကြီးက အမိန့်မချမှတ်မီ အဆိုပါ ကျွဲ၊ နွား၊ သို့မဟုတ် ပစ္စည်းကို လက်ရှိထားခွင့်ရှိပုံပေါ်သည့် မည်သူ့ကိုမဆို လိုအပ်သည့် အချိန်ကျရောက်တိုင်း ပြည်သူ့ရဲတပ်ဖွဲ့ စခန်းတစ်ခု၌ ပြန်လည် ပေးအပ်ရန်၊ သို့မဟုတ် တင်ပြရန် အာမခံသူနှင့်ဖြစ်စေ၊ အာမခံသူမပါဘဲဖြစ်စေ ခံဝန်ချုပ်ဆိုပါက ပေးအပ်နိုင်သည်။

ဖမ်းဆီးသည့်ပစ္စည်းရှင်မည်သူဖြစ်ကြောင်း မသိလျှင် လိုက်နာရန် ကျင့်ထုံး။

(၂) ပိုင်ဆိုင်ခွင့်ရှိသူကို သိရလျှင် ရာဇဝတ်တရားသူကြီးက သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များ (ရှိလျှင်) ဖြင့် ၎င်းပစ္စည်းကို ထိုသူသို့ ပေးအပ်စေရန် အမိန့်ချမှတ်နိုင်သည်။ အဆိုပါသူမှာ မည်သူဖြစ်ကြောင်းမသိလျှင် ရာဇဝတ်တရားသူကြီးသည် ပစ္စည်းကို ထိန်းသိမ်း ထားနိုင်သည်။ ထို့ပြင် အဆိုပါကိစ္စမျိုး၌ ထိုပစ္စည်းတွင် မည်သည့်အရာဝတ္ထုများ ပါရှိကြောင်းနှင့် ထိုပစ္စည်းကိုပိုင်ဆိုင်ကြောင်း အရေးဆိုလိုသူ မည်သူမဆို ထုတ်ပြန်ကြေညာသည့် နေ့ရက်မှ ခြောက်လအတွင်း မိမိရှေ့သို့လာရောက်၍ ၎င်း၏ပိုင်ဆိုင်ခွင့်ကို ထင်ရှားအောင်ပြရန် ရာဇဝတ်တရားသူကြီးက ထုတ်ပြန်ကြေညာရမည်။