ပုဒ်မ ၁၂၁
ပုဒ်မ ၁၂၁
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိခြင်း
၁၂၁။ အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်မရှိစေရ- (က) ပြစ်မှုတစ်ခုခုကိုကျူးလွန်သဖြင့် သက်ဆိုင်ရာတရားရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်းခံရ၍ ထောင်ဒဏ်ကျခံနေရသူ၊ (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ မတည်မီကဖြစ်စေ၊ အာဏာတည်ပြီးမှ ဖြစ်စေ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အရည်အချင်း ပျက်ယွင်းစေသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ချမှတ် ခံရခြင်းအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်မရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သည့်ကာ လကုန်ဆုံးခြင်း မရှိသေးသူ၊ (ဂ) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်းသတ်မှတ်ခြင်းခံရသူ၊ (ဃ) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူ၊ (င) နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက် ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ၊ (စ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေးများ သို့မဟုတ်ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊ (ဆ) နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့အစည်းများမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ အထောက်အပံ့ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ အထောက်အပံ့ ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊ (ဇ) နိုင်ငံရေးကိစ္စအတွက် ဘာသာရေးကို အကြောင်းပြု၍ ဆန္ဒမဲပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော် လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းနှင့် ယင်းသို့ပြုလုပ်ရန် အားပေး လှုံ့ဆော်ခြင်းပြုသူ သို့မဟုတ် ယင်းသို့ပြုလုပ်သည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊ (ဈ) သာသနာ့ဝန်ထမ်း၊ (ည) နိုင်ငံ့ဝန်ထမ်း၊ ခြွင်းချက်။ ယင်းစကားရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော လွှတ်တော်များနှင့် အဖွဲ့အစည်းများတွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် တပ်မတော်သားများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ နှင့် မသက်ဆိုင်စေရ။ (ဋ) နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊ ခြွင်းချက်။ (၁) နိုင်ငံတော်ပိုင်ငွေကြေးဟူသော စကားရပ်တွင် အငြိမ်းစား လစာ၊ စရိတ်၊ ငွေကြေးသော် လည်းကောင်း၊ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်သဖြင့် နိုင်ငံတော်က တရားဝင်ထောက်ပံ့ ချီးမြှင့်ထားသော လစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း မပါဝင်၊ (၂) နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းဟူသော စကားရပ်တွင် ဥပဒေတစ်ရပ်ရပ် အရသော်လည်းကောင်း၊ တာဝန်အရသော်လည်းကောင်း နိုင်ငံတော်က သုံးစွဲခွင့်ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ အဆောက်အအုံနှင့် အခန်းများ၊ အခြားအဆောက်အအုံနှင့် အခန်းများ၊ နိုင်ငံတော်ပိုင် လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်း စသည်များမပါဝင်။ (ဌ) ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကဖြစ်စေ၊ အာဏာတည်ပြီးမှဖြစ်စေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းစေသည့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှု ကျူးလွန် ခြင်းကြောင့် သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်မရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးခြင်းမရှိသေးသူ။
ပြစ်ဒဏ်
-