ပုဒ်မ ၄၆၄
ပုဒ်မ ၄၆၄
တရားခံရူးသွပ်သူဖြစ်သည့်အခါ လိုက်နာရန်ကျင့်ထုံး

(၁) စုံစမ်းစစ်ဆေးမှုကိုဖြစ်စေ၊ စစ်ဆေးစီရင်မှုကိုဖြစ်စေ ပြုလုပ်နေသော ရာဇဝတ်တရားသူကြီးတစ်ဦးက တရားခံသည် စိတ်ပေါ့သွပ်ကြောင်း၊ ယင်းကဲ့သို့ဖြစ်ခြင်းကြောင့် ထုချေနိုင်စွမ်းရှိမည်မဟုတ်ကြောင်း ယုံကြည်ရန် အကြောင်းရှိလျှင် စိတ်ပေါ့သွပ်ခြင်း ရှိမရှိသိရှိရန် အဆိုပါ ရာဇဝတ်တရားသူကြီးက စုံစမ်းစစ်ဆေးရမည်။ ထို့ပြင် ထိုတရားခံကို ခရိုင်ဆရာဝန်ကြီးက ဖြစ်စေ၊ နိုင်ငံတော်သမ္မတက ညွှန်ကြားသည့် အခြားဆေးဘက်အရာရှိကဖြစ်စေ စမ်းသပ် ကြည့်ရှုစေရမည်။ ယင်းသို့ စစ်ဆေးပြီးသည့်အခါ အဆိုပါ ဆရာဝန်ကြီးကိုဖြစ်စေ၊ အခြား ဆေးဘက်အရာရှိကိုဖြစ်စေ သက်သေအဖြစ် စစ်ဆေးရမည့်အပြင် ထိုအစစ်ခံချက်ကို စာဖြင့် ရေးမှတ်ထားရမည်။

(၁ - က) ဆိုခဲ့သည့်အတိုင်း စစ်ဆေးမှုနှင့် စုံစမ်းစစ်ဆေးမှုမပြီးမီ ရာဇဝတ် တရားသူကြီးက တရားခံအပေါ် ပုဒ်မ ၄၆၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပိုင်ခွင့် ရှိသည်။

(၂) တရားခံသည် စိတ်ပေါ့သွပ်ကြောင်း၊ ယင်းကဲ့သို့ဖြစ်ခြင်းကြောင့် ခုခံ ချေပနိုင်စွမ်း ရှိမည်မဟုတ်ကြောင်း အဆိုပါရာဇဝတ်တရားသူကြီးက ထင်မြင်ယူဆလျှင် ထိုကဲ့သို့ ထင်မြင် ယူဆကြောင်း ဆုံးဖြတ်ချက်ကို မှတ်တမ်းတင်၍ မှုခင်းကိစ္စများကို ရွှေ့ဆိုင်းရမည်။