ပုဒ်မ ၃၅
ပုဒ်မ ၃၅
စုံစမ်းစစ်ဆေးမှု တစ်ခုတည်းတွင် ပြစ်မှုအများထင်ရှားစီရင်သည့်အခါ ချမှတ်နိုင်သည့် ပြစ်ဒဏ်များ

(၁) စစ်ဆေးစီရင်မှုတစ်ခုတည်းတွင် တစ်ဦးတစ်ယောက်ကို ပြစ်မှုနှစ်ခု သို့မဟုတ် နှစ်ခုထက် ပို၍ ပြစ်မှု ထင်ရှားစီရင်သည့်အခါ တရားရုံးသည် ရာဇသတ်ကြီးပုဒ်မ ၇၁ ပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ တရားရုံးက စီရင်ပိုင်ခွင့်ရှိသည့် ယင်းပြစ်မှုများအတွက် သတ်မှတ်ထားသော ပြစ်ဒဏ်အသီးသီးကို ချမှတ်နိုင်သည်။ ၎င်းပြစ်ဒဏ်များတွင် ထောင်ဒဏ်ဖြစ်စေ၊ တစ်ကျွန်းပို့ဒဏ် ဖြစ်စေ ပါဝင်ပြီး ထိုပြစ်ဒဏ်များကို တစ်ပြိုင်တည်း ကျခံစေရမည်ဟု တရားရုံးက အမိန့်ချမှတ် ထားသည် မဟုတ်လျှင် ထိုပြစ်ဒဏ်များကို တစ်ခုပြီးမှတစ်ခု ကျခံစေရမည်ဟု ညွှန်ကြားနိုင်သည်။

(၂) ပြစ်ဒဏ်များကို တစ်ဆက်တည်းကျခံစေရန် အမိန့်ချထားသည့်အခါ ထိုပြစ်မှုများ အတွက် ပြစ်ဒဏ် စုစုပေါင်းမှာ ပြစ်မှုတစ်ရပ်တည်းထင်ရှား၍ တရားရုံးက ချမှတ်နိုင်သည့် ပြစ်ဒဏ် ထက် ပိုနေသည်ဆိုရုံမျှဖြင့် ပြစ်မှုကျူးလွန်သူကို ၎င်းရုံးက အထက်တရားရုံးသို့ တင်ပို့ခြင်း မပြုရ။ သို့ရာတွင် -

အများဆုံးချမှတ်နိုင်သည့် ပြစ်ဒဏ်

(က) မည်သည့်အမှုတွင်မျှ ထိုသူအား တစ်ဆယ့်လေးနှစ်ထက် ပိုသည့်ထောင်ဒဏ် ချမှတ်ခြင်း မပြုရ။

(ခ) (ပုဒ်မ ၃၄ အရ အမှုဆောင်ရွက်သူ တရားသူကြီးမှတစ်ပါး) အခြား တရားသူကြီးက အမှုကိုစစ်ဆေးစီရင်လျှင် ပြစ်ဒဏ်စုစုပေါင်းသည် ယင်း တရားသူကြီးက ၎င်း၏ သာမန်စီရင်ပိုင်ခွင့်အာဏာကို သုံးစွဲချမှတ်နိုင်သည့်ပြစ်ဒဏ်၏ နှစ်ဆထက် မပိုစေရ။

(၃) ပြစ်မှုများအတွက် စစ်ဆေးစီရင်မှုတစ်ခုတည်းတွင် ဤပုဒ်မအရ ချမှတ်သည့် တစ်ဆက်တည်း ကျခံရမည့် ပြစ်ဒဏ်စုစုပေါင်းသည် အယူခံကိစ္စအလို့ငှာ ပြစ်ဒဏ် တစ်ခုတည်း ဖြစ်သည်ဟု မှတ်ယူရမည်။