စာတမ်းအမှတ်အသားတစ်ခုတည်းရှိခြင်းနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ထိုစာတမ်းအမှတ်အသား၏စည်း ကမ်းချက်နှင့်စပ်လျဉ်း၍ဖြစ်စေ၊ ထိုစာတမ်းအမှတ်အသားတွင်ပါရှိသောအချက်များနှင့် စပ်လျဉ်း၍ဖြစ် စေ ဒုတိယအဆင့်သက်သေခံချက်ကိုအောက်ပါကိစ္စများတွင်တင်ပြနိုင်သည်-
(က) မူရင်းစာတမ်းအမှတ်အသားသည် ထိုစာတမ်းအမှတ်အသားကို သက်သေထင်ရှားတင်ပြခြင်းဖြင့် အကျိုးထိခိုက်နစ်နာမည့်သူ သို့မဟုတ် တရားရုံးက ဆင့်ခေါ်၍ မရနိုင်အောင်အလှမ်းကွာဝေးသူ သို့မ ဟုတ် တရားရုံးက ဆင့်ခေါ်ခြင်းကိုမလိုက်နာဘဲနေနိုင်ခွင့်ရှိသူ သို့မဟုတ် ဥပဒေအရ ယင်းစာတမ်းအ မှတ်အသားကိုတင်ပြရန် တာဝန်ရှိသူ၏ လက်တွင်ဖြစ်စေ၊ ယင်း၏စီမံပိုင်ခွင့်အတွင်းတွင် ဖြစ်စေ ရှိနေ ကြောင်းတင်ပြပြီးဖြစ်သည့်အခါတွင် သို့မဟုတ် ထိုသို့ရှိနေဟန်လက္ခဏာရှိသည့်အခါတွင် ထို့ပြင် ပုဒ်မ ၆၆ တွင် ဖော်ပြထားသည့်အကြောင်းကြားစာကိုလည်းပေးပို့ပြီးဖြစ်လျက်နှင့် ထိုသူကထိုမူရင်းစာတမ်း အမှတ်အသားကို တင်ပြခြင်းမရှိသည့်အခါ၊
(ခ) မူရင်းစာတမ်းအမှတ်အသားကို သက်သေထင်ရှားတင်ပြခြင်းဖြင့် အကျိုးထိခိုက်နစ်နာမည့်သူက သို့မဟုတ် ထိုသူ၏ကိုယ်စားလှယ်ကမူရင်းစာတမ်းအမှတ်အသားတည်ရှိခြင်းကိုဖြစ်စေ၊ ယင်း၏စည်း ကမ်းချက်ကိုဖြစ်စေ၊ ယင်းတွင်ပါရှိသောအချက်များကိုဖြစ်စေ စာဖြင့်ရေးသားဝန်ခံထားကြောင်း သက်သေထင်ရှားတင်ပြသည့်အခါ၊
(ဂ) မူရင်းစာတမ်းအမှတ်အသားပျက်စီးသည့် သို့မဟုတ် ပျောက်ဆုံးသည့်အခါသို့မဟုတ် ထိုမူရင်းစာ တမ်းအမှတ်အသားတွင်ပါရှိသောအချက်များကို သက်သေထင်ရှားတင်ပြလိုသူက မိမိ၏ပျက်ကွက်မှု သို့မဟုတ် ပေါ့လျော့မှုကြောင့်မဟုတ်ဘဲ အခြားအကြောင်းတစ်ခုခုကြောင့်ထိုမူရင်းစာတမ်းအမှတ်အသား ကို သင့်တော်သည့်အချိန်ကာလအတွင်းတင်ပြခြင်းမပြုနိုင်သည့်အခါ၊
(ဃ) မူရင်းစာတမ်းအမှတ်အသားသည် သဘောသဘာဝအားဖြင့် အလွယ်တကူ ရွှေ့ပြောင်းခြင်းမပြုနိုင် သည့် ပစ္စည်းမျိုးဖြစ်နေသည့်အခါ၊
(င) မူရင်းစာတမ်းအမှတ်အသားသည် ပုဒ်မ ၇၄ ပါပြဋ္ဌာန်းချက်တွင် အကျုံးဝင်သော အများပြည်သူ တို့နှင့် သက်ဆိုင်သည့် စာတမ်းအမှတ်အသားဖြစ်နေသည့်အခါ၊
(စ) စာတမ်းအမှတ်အသားတစ်ခုကို သက်သေခံအဖြစ်တင်ပြရာ၌ မူရင်းစာတမ်းအမှတ်အသားသည် ဤဥပဒေအရဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် တည်ဆဲဖြစ်သည့်အခြားဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ၊ တာဝန်ခံမိတ္တူဖြင့် သက်သေခံတင်ပြရန်ခွင့်ပြုထားသည့်အခါ၊
(ဆ) မူရင်းစာတမ်းအမှတ်အသားများတွင် ငွေစာရင်းများ သို့မဟုတ် အခြားစာရွက်စာတမ်းများ၊ မြောက်မြားစွာပါရှိသဖြင့် ယင်းတို့ကို တရားရုံးကအလွယ်တကူစစ်ဆေးခြင်းမပြုနိုင်သည့်ပြင် သက်သေ ထင်ရှားအောင်တင်ပြရမည့် အကြောင်းခြင်းရာမှာလည်း ထိုငွေစာရင်းများ သို့မဟုတ် စာရွက်စာတမ်း များအားလုံးကို စစ်ဆေးခြင်းဖြင့် အားလုံးခြုံ၍ တွေ့ရှိသည့် အချက်ဖြစ်သည့်အခါ။
အထက်ပါ (က)၊ (ဂ) နှင့် (ဃ) ကိစ္စများတွင် စာတမ်းအမှတ်အသား၌ပါရှိသော အချက်များ၏မည်သည့် ဒုတိယအဆင့် သက်သေခံချက်မဆို သက်သေခံဝင်သည်။
အထက်ပါ (ခ) ကိစ္စတွင် စာဖြင့်ရေးသားထားသောဝန်ခံချက်သည် သက်သေခံဝင်သည်။
အထက်ပါ (င) သို့မဟုတ် (စ) ကိစ္စတွင်စာတမ်းအမှတ်အသား၏ တာဝန်ခံမိတ္တူသာလျှင် သက်သေခံ ဝင်၍ အခြားမည်သည့် ဒုတိယအဆင့် သက်သေခံချက်မျိုးမျှ သက်သေခံမဝင်ချေ။
အထက်ပါ (ဆ) ကိစ္စတွင် ထိုသို့သော စာတမ်းအမှတ်အသားများကို စစ်ဆေးခြင်း၌ ကျွမ်းကျင်သူတစ်ဦး ဦးက ထိုစာတမ်းအမှတ်အသားများကို စစ်ဆေးပြီးနောက်ယင်းတို့အပေါ်အားလုံးခြုံ၍ တွေ့ရှိသည့် အချက်ကိုသက်သေခံတင်ပြနိုင်သည်။