မူရင်းသက်သေခံချက်ဆိုသည်မှာ တရားရုံးက စစ်ဆေးကြည့်ရှုနိုင်ရန်တင်ပြသော မူရင်းစာတမ်း အမှတ်အသားကိုဆိုသည်။
ရှင်းလင်းချက်(၁) ။ စာတမ်းအမှတ်အသားတစ်ခုကို အပိုင်းများခွဲ၍ချုပ်ဆိုလျှင် ထိုသို့ချုပ်ဆိုသောစာ တမ်းအမှတ်အသားတစ်ပိုင်းစီသည် ထိုစာတမ်း အမှတ်အသား၏မူရင်းသက်သေခံချက်ပင်ဖြစ်သည်။
စာတမ်းအမှတ်အသားတစ်ခုကို မူရင်းခွဲ၍ချုပ်ဆိုရာ၌ ထိုသို့ချုပ်ဆိုသူတို့အနက် တစ်ဦးကသာ သို့မဟုတ် အချို့ကသာ ထိုမူရင်းခွဲအသီးသီးကိုချုပ်ဆိုလျှင် ထိုမူရင်းခွဲတစ်ခုစီသည် ယင်းကိုချုပ်ဆိုသူတို့အပေါ်၌ မူရင်းသက်သေခံချက်ဖြစ်သည်။
ရှင်းလင်းချက်(၂) ။ စာပုံနှိပ်ခြင်း၊ ကျောက်ပုံနှိပ်ခြင်းသို့မဟုတ် ဓာတ်ပုံရိုက်ကူးခြင်းကဲ့သို့ တစ်ပုံစံတည်း ဖြစ်သောလုပ်နည်းဖြင့် စာတမ်းအမှတ်အသားများကို ထုတ်လုပ်ထားလျှင်ထိုစာတမ်း အမှတ်အသားတစ် ခုစီသည် ကျန်စာတမ်းအမှတ်အသားများတွင် ပါရှိသောအချက်များ၏ မူရင်း သက်သေခံချက်ဖြစ်သည်။ သို့သော်လည်းထိုစာတမ်းအမှတ်အသားများသည် မူရင်းစာတမ်း အမှတ် အသားတစ်ခုတည်းမှကူးယူသော မိတ္တူများဖြစ်လျှင် ယင်းတို့သည် မူရင်းစာတမ်းအမှတ်အသားတွင် ပါရှိသောအချက်များ၏မူရင်းသက် သေခံချက်မဟုတ်ချေ။
ဥပမာ
လူတစ်ယောက်ထံတွင် မူရင်းကြော်ငြာစာတစ်စောင်မှ တစ်ချိန်တည်းပုံနှိပ်ထားသောကြော်ငြာစာရွက် များရှိကြောင်းတွေ့ရှိရ သည်။ ထိုကြော်ငြာစာများအနက် မည်သည့်ကြော်ငြာစာမဆို ကျန်ကြော်ငြာစာ တစ်ရွက်ရွက်ပါအချက်များ၏ မူရင်းသက်သေခံချက်ဖြစ်သည်။ သို့သော်လည်းထိုကြော်ငြာစာများအနက် မည်သည့် ကြော်ငြာစာမျှမူရင်းကြော်ငြာစာပါအချက်များ၏ မူရင်းသက်သေခံချက်မဟုတ်ချေ။
ရှင်းလင်းချက် (၃) - ရှင်းလင်းချက် (၂)တွင် မည်သို့ပင် ဖော်ပြပါရှိစေကာမူ၊ အီလက်ထရောနစ်မှတ်တမ်းပုံစံပါ စာတမ်းအမှတ်အသား ၏ မိတ္တူတစ်ခုကို အဆိုပါ စာတမ်းအမှတ်အသားဖြစ်ကြောင်း တိကျ သေချာခိုင်မာစေပြီးဖြစ်လျှင်၊ အဆိုပါ မိတ္တူသည် မူရင်းသက်သေခံ ချက် ဖြစ်သည်။
ဥပမာ
(က) သိသာထင်ရှားပြီးဖြစ်ခြင်း သို့မဟုတ် ကွန်ပျူတာစနစ် (စာတမ်းအမှတ်အသား)တွင် ဝင်ရောက် ကြည့်ရှုထားပြီးဖြစ် သော သို့မဟုတ် မှတ်သားထားပြီးဖြစ်သော သတင်းအချက် အလက်အဖြစ် အသုံးပြုသည့် သို့မဟုတ် အထောက်အထား ပြုသည့် သို့မဟုတ် အပြောင်းအလဲမရှိ တသမတ်တည်း ညီညွတ်အောင်ပြုလုပ်ခဲ့ပြီးဖြစ်သည့် အီလက်ထရောနစ် မှတ်တမ်းသည် အဆိုပါ စာတမ်းအမှတ်အသား၏ မူရင်း သက်သေခံချက်ဖြစ်သည်။
(ခ) အကယ်၍ အီလက်ထရောနစ်မှတ်တမ်းကို သိသာထင်ရှား အောင်ပြုခြင်း သို့တည်းမဟုတ် စာတမ်းအမှတ်အသားတွင် ပါဝင်သည့် သတင်းအချက်အလက်အဖြစ် အသုံးပြုခြင်း သို့မဟုတ် အထောက်အထားပြုခြင်း သို့မဟုတ် အပြောင်း အလဲမရှိ တသမတ်တည်း ညီညွတ်အောင်ပြုလုပ်ခဲ့ခြင်း မရှိပါက ထိုအီလက်ထရောနစ်မှတ်တမ်းသည် အဆိုပါ စာတမ်း အမှတ်အသား၏ မိတ္တူသာဖြစ်ပြီး၊ အဆိုပါ စာတမ်းအမှတ် အသား၏ ဒုတိယအဆင့် သက်သေခံချက်အဖြစ်သာ မှတ်ယူ ရမည်။”