ပုဒ်မ ၁၅
ပုဒ်မ ၁၅
ပြုလုပ်မှုကိုမတော်တဆ သို့မဟုတ် တမင်ပြုလုပ်ခြင်း ဟုတ် မဟုတ် ဟူသောပြဿနာနှင့် သက်ဆိုင်သော အကြောင်းခြင်းရာများ

ပြုလုပ်မှုတစ်ခုသည်မတော်တဆပြုလုပ်ခြင်း သို့မဟုတ် တမင်ပြုလုပ်ခြင်း သို့မဟုတ် တစ်စုံတစ်ခု ဖြစ်မည်ကို သိလျက်နှင့်ဖြစ်စေ ၊တစ်စုံတစ်ခုဖြစ်စေရန်ကြံရွယ်ချက်နှင့်ဖြစ်စေ ပြုလုပ်ခြင်းဟုတ်မဟုတ် ဟူသောပြဿနာ ပေါ်ပေါက်သည့်အခါထိုသို့ပြုလုပ်သူပါဝင်ပတ်သက်ခဲ့သည့်အလားတူ တစ်ဆက် တည်းဖြစ်သော ဖြစ်ရပ်များတွင်အဆိုပါ ပြုလုပ်ချက်သည် ဆက်စပ်လျက်ရှိလျှင်ထိုသို့ဆက်စပ်လျက်ရှိ သည်ဟူသောအချက်မှာစပ်ဆိုင်သည်။

ဥပမာများ

(က) A သည်အာမခံထားသည့်ငွေကို ရရှိရန်မိမိ၏နေအိမ်ကိုမီးရှို့မှုဖြင့်စွပ်စွဲခြင်းခံရသည်။

A သည် အိမ်အများအပြားတွင်တစ်အိမ်ပြီး တစ်အိမ်နေထိုင်ခဲ့၍အိမ်တိုင်းကို အာမခံထားခဲ့သည်၊အိမ် တိုင်းကို မီးလောင်ခဲ့သည်၊ မီးတစ်ကြိမ် တစ်ကြိမ်လောင်ပြီးနောက် A သည်မီးအာမခံရုံး တစ်ရုံးစီမှ ထုတ်ပေးငွေရရှိခဲ့သည် ဆိုသောအချက်များသည်မီးလောင်ခြင်းမှာ မတော်တဆ မဟုတ်ကြောင်း ဖော်ပြ သည့်အတွက်စပ်ဆိုင်သည်။

(ခ) A အား B ၏မြီစားများထံမှငွေများကိုကောက်ခံပေးရန်ငှားရမ်းထားသည်။ A ၏ဝတ္တရားမှာ မိမိ ရရှိသောငွေများကိုစာအုပ်တစ်အုပ်တွင်ရေးမှတ်ထားရန်ဖြစ်သည်။ တစ်ကြိမ်တွင်ငွေကိုအမှန်ရရှိသည် ထက် လျော့နည်း၍ရရှိသည်ဟုထည့်သွင်းရေးသားထားသည်။

ပြဿနာမှာ ဤကဲ့သို့ မမှန်မကန်ရေးသားထားခြင်းမှာ မတော်တဆ သို့မဟုတ် တမင် ဟုတ်မဟုတ် ဖြစ်သည်။

ယင်းစာအုပ်၌ပင် A ရေးသားသော အခြားရေးသွင်းချက်များမှာ မမှန်ကန်ခြင်းနှင့်ဤကဲ့သို့မမှန်သော ရေးသားချက်တိုင်းတွင် A အကျိုးခံစားမှုရှိစေရန် ရေးသားထားသည်ဆိုသောအချက်များမှာစပ်ဆိုင် သည်။

(ဂ) A သည်ဒင်္ဂါးအတု တစ်ခုကိုမရိုးမဖြောင့်သော သဘောဖြင့်ပေးသည်ဟုစွပ်စွဲခြင်းခံရသည်။

ပြဿနာမှာ ဒင်္ဂါးကို မတော်တဆ ပေးခြင်း ဟုတ် မဟုတ်ဖြစ်သည်။

B သို့မပေးမီ မကြာခင်ကဖြစ်စေ၊ ပေးပြီးနောက် မကြာမီတွင်ဖြစ်စေ၊ A သည် C D E တို့သို့ဒင်္ဂါးအတု များပေးသည်ဆိုသောအချက်သည် B သို့ပေးခြင်းမှာမတော်တဆ မဟုတ်ကြောင်းဖော်ပြသည့်အတွက် စပ်ဆိုင်သည်။