ပုဒ်မ ၆၃
ပုဒ်မ ၆၃
ဒုတိယအဆင့်သက်သေခံချက်

ဒုတိယအဆင့် သက်သေခံချက် ဆိုသည်မှာအောက်ပါတို့ကိုဆိုသည်-

(၁) ဤဥပဒေတွင် နောက်လာမည့်ပြဋ္ဌာန်းချက်များအရ ထုတ်ပေးသော တာဝန်ခံမိတ္တူများ၊

(၂) ပုဒ်မ ၆၂ မှ ရှင်းလင်းချက် (၃)ကို အခြေပြု၍ ရရှိသည့် မိတ္တူ များမှအပ၊ အီလက်ထရောနစ်၊ အီလက်ထရောနစ်ဓာတု ဗေဒ၊ ဓာတုဗေဒ၊ သံလိုက်စက်ကွင်း၊ စက်မှု၊ အလင်းတန်း၊ အဝေးမှစိစစ်မှု (တယ်လီမက်တစ်) သို့မဟုတ် အခြားနည်း ပညာလုပ်ငန်းစဉ်တစ်ရပ်ရပ်ကို အသုံးပြု၍ မူရင်းမှ ရရှိလာ သည့် မိတ္တူဖြစ်ပါက၊ ယင်းသည် မိတ္တူစစ်မှန်ကြောင်း တိကျ ခိုင်မာစေရန် အဆိုပါမိတ္တူများအား ပုဒ်မ ၆၂ မှ ရှင်းလင်းချက် (၃)ကို အခြေပြု၍ ရရှိသည့် မိတ္တူများနှင့် တိုက်ဆိုင်စစ်ဆေးအတည်ပြုရမည်။”

(၃) မူရင်းမှ ကူးယူထားသော သို့မဟုတ် မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားသော မိတ္တူများ၊

(၄) စာတမ်းအမှတ်အသားကိုချုပ်ဆိုခြင်း မပြုသူတို့၏အကျိုးနှင့်ဆန့်ကျင်၍ တင်ပြသောအခါ၌ထို စာတမ်းအမှတ်အသား၏မူရင်းခွဲများ၊

(၅) စာတမ်းအမှတ်အသားတစ်ခုကို ကိုယ်တိုင်မြင်ခဲ့သူက ထိုစာတမ်းအမှတ်အသားတွင်ပါရှိသည့် အချက်များအကြောင်းကို ပြောကြားချက်များ။

ဥပမာများ

(က) မူရင်းတစ်ခုကို ရိုက်ကူးထားသည့် ဓာတ်ပုံကို ထိုမူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားခြင်းမရှိသော် လည်း၊ ဓာတ်ပုံရိုက်ခဲ့သော အရာဝတ္ထုမှာ ထိုမူရင်းမှန်ကြောင်း သက်သေထင်ရှားရှိလျှင် ထိုဓာတ်ပုံသည် ထိုမူရင်းတွင်ပါရှိသော အချက်များနှင့် စပ်လျဉ်း၍ ဒုတိယအဆင့်သက်သေခံချက်ဖြစ်သည်။

(ခ) စာကူးစက်ဖြင့် စာတမ်းတစ်စောင်မှ ကူးယူထားသည့် မိတ္တူသည် မူရင်းစာမှ ကူးယူထားသောမိတ္တူ ဖြစ်ကြောင်းတင်ပြလျှင် ထိုမိတ္တူနှင့် တိုက်ဆိုင်စစ်ဆေးထားသော မိတ္တူတစ်စောင်သည်ထိုစာတွင် ပါရှိသော အချက်များနှင့်စပ်လျဉ်း၍ ဒုတိယအဆင့် သက်သေခံချက်ဖြစ်သည်။

(ဂ) မိတ္တူတစ်စောင်မှကူးယူထားသော မိတ္တူကို မူရင်းနှင့်တိုက်ဆိုင် စစ်ဆေးထားလျှင် ထိုသို့ကူးယူ ထားသော မိတ္တူသည် ဒုတိယအဆင့် သက်သေခံချက်ဖြစ်သည်။ သို့ရာတွင် ထိုမိတ္တူကို ထိုသို့မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားခြင်းမရှိလျှင်၊ ထိုမိတ္တူကူးယူရာဖြစ်သော မိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေး ပြီး ဖြစ်စေကာမူ၊ အဆိုပါကူးယူထားသောမိတ္တူသည် မူရင်း၏ဒုတိယအဆင့် သက်သေခံချက်မဟုတ်ချေ။

(ဃ) မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးထားသော မိတ္တူအကြောင်း ပြောကြားချက်သည်သော်လည်းကောင်း၊ မူရင်း ကိုရိုက်ကူးထားသော ဓာတ်ပုံအကြောင်းကိုဖြစ်စေ၊ မူရင်းမှစက်ဖြင့် ကူးယူထားသော မိတ္တူ အကြောင်းကိုဖြစ်စေပြောကြားချက်သည်သော်လည်းကောင်း မူရင်း၏ဒုတိယအဆင့်သက်သေခံ ချက် မဟုတ်ချေ။