ပုဒ်မ ၁၄
ပုဒ်မ ၁၄
စိတ်၏အခြေအနေသော်လည်းကောင်း၊ ကိုယ်ခန္ဓာ၏အခြေအနေသော်လည်းကောင်း၊ ကိုယ်ခန္ဓာ ၌ခံစားမှုအခြေအနေသော်လည်းကောင်း၊ အမှန်တည်ရှိကြောင်းဖော်ပြသည့်အကြောင်းအချက်များ

အကြံအစည်ရှိခြင်း၊ သိရှိခြင်း၊ ရိုးဖြောင့်သောသဘောရှိခြင်း၊ ပေါ့လျော့ခြင်း၊အရမ်းပြုလုပ်ခြင်း၊ လူတစ်ဦးတစ်ယောက်အပေါ်မလိုမုန်းတီးစိတ်ရှိခြင်း သို့မဟုတ် ကောင်းသောစိတ်ဆန္ဒထားခြင်းကဲ့သို့ သော စိတ်အခြေအနေ တစ်ရပ်ရပ်သည် လည်းကောင်း၊ ကိုယ်ခန္ဓာ၏အခြေအနေတစ်ရပ်ရပ် သို့မဟုတ် ကိုယ်ခန္ဓာ၌ဖြစ်ပေါ်သော ခံစားမှုတစ်ရပ်ရပ်သည်လည်းကောင်း၊ အဆိုပါစိတ်၏သို့မဟုတ် ကိုယ်ခန္ဓာ၏ အခြေအနေတစ်ရပ်ရပ်ဖြစ်စေ၊ ကိုယ်ခန္ဓာ၌ဖြစ်ပေါ်သောခံစားမှုတစ်ရပ်ရပ်ဖြစ်စေ၊ အမှန်ရှိခြင်း ဟုတ်မ ဟုတ်ဟူသော အချက်သည် အငြင်းဖြစ်လျှင်သို့မဟုတ်စပ်ဆိုင်ခြင်းဖြစ်လျှင် အဆိုပါအချက်တို့ကိုဖော် ပြသောအချက်များသည်စပ်ဆိုင်သည်။

ရှင်းလင်းချက် ၁ ။ စပ်ဆိုင်သော စိတ်၏အခြေအနေတစ်ရပ်တည်ရှိကြောင်း ဖော်ပြသည့်အချက်တစ်ခု သည် အဆိုပါစိတ်၏ အခြေအနေကိုယေဘုယျအားဖြင့် ဖော်ပြခြင်းမဟုတ်ဘဲ အငြင်းဖြစ်သည့်ကိစ္စနှင့် သက်ဆိုင်သည့် အခြေအနေကိုဖော်ပြခြင်းဖြစ်မှသာစပ်ဆိုင်သည်။

ရှင်းလင်းချက် ၂ ။ သို့ရာတွင် ပြစ်မှုတစ်ခုကိုကျူးလွန်ကြောင်းဖြင့် စွပ်စွဲခံရသူတစ်ဦးတစ်ယောက်ကို စစ်ဆေးစီရင်ရာ၌ ပြစ်မှုတစ်ခုကိုယခင်က တရားခံ ကျူးလွန်ခဲ့ခြင်းသည် ဤပုဒ်မ၏အဓိပ္ပာယ်အရစပ် ဆိုင်လျှင် ထိုသူ့အပေါ်တွင် ယခင်က ပြစ်မှုထင်ရှားစီရင်ခဲ့ခြင်းမှာလည်းစပ်ဆိုင်သောအကြောင်းခြင်းရာ ဖြစ်ရမည်။

ဥပမာများ

(က) A သည်ပစ္စည်းများကိုခိုးရာပါပစ္စည်းများဖြစ်ကြောင်းသိလျက်နှင့် လက်ခံထားသည်ဟုစွဲဆိုခြင်းခံ ရသည်။

သူ၏လက်ဝယ်တွင် ထိုခိုးရာပါပစ္စည်းရှိခြင်းမှာ သက်သေထင်ရှားခြင်းရှိသည်။

သူ၏လက်ဝယ်တွင် တစ်ချိန်တည်း၌ အခြားသောခိုးရာပါပစ္စည်းများ အမြောက်အမြားတွေ့ရှိခြင်းသည် အားလုံးသော ပစ္စည်းများကိုခိုးရာပါ ပစ္စည်းများဖြစ်ကြောင်းသိလျက်နှင့် လက်ခံထားခြင်းဖြစ်သည်ကို ဖော်ပြသည့်အနေဖြင့်စပ်ဆိုင်သည်။

(ခ) Aသည် ဒင်္ဂါး တစ်ခုကို အတုဖြစ်ကြောင်းသိလျက်နှင့် လိမ်လည်လိုသောသဘောဖြင့် အခြားသူတစ် ဦးသို့ပေးအပ်သည်ဟုစွပ်စွဲခြင်းခံရသည်။

ထိုသို့ပေးအပ်စဉ်က အခြားဒင်္ဂါးအတုအများအပြား A ထံတွင်ရှိနေခြင်းသည်စပ်ဆိုင်သည်။

A သည်ယခင်က ဒင်္ဂါးအတုဖြစ်ကြောင်းသိလျက်နှင့် ဒင်္ဂါးအမှန်ဖြစ်သည်ဟု အခြားသူတစ်ဦးသို့ပေး သဖြင့်ပြစ်မှုထင်ရှားစီရင်ခြင်းခံရဖူးသည်ဆိုသောအချက်သည်စပ်ဆိုင်သည်။

(ဂ) B ၏ခွေးတစ်ကောင်မှာဆိုးသောခွေးဖြစ်ကြောင်း B သိရှိသဖြင့် ထိုခွေးကြောင့်ပျက်စီးနစ်နာခြင်း အတွက် နစ်နာကြေးပေးရမည်ဟု A က B ကိုတရားစွဲသည်။

ထိုခွေးသည်ယခင်က X၊ Y နှင့် Z တို့ကိုကိုက်ဖူးခြင်း၊ ထိုသူတို့က B ကိုတိုင်ဖူးခြင်းတို့သည်စပ်ဆိုင် သည်။

(ဃ) ပြဿနာမှာ ငွေလွှဲစာချုပ်ကို လက်ခံသူ A သည်ငွေအပေးခံရမည့်သူ၏ အမည်မှာ ဟန်ဆောင်အ မည်သာဖြစ်ကြောင်းသိမသိဖြစ်သည်။

အလားတူ နည်းလမ်းအတိုင်းရေးသားသည့် အခြားငွေလွှဲစာချုပ်များနှင့်စပ်လျဉ်း၍ ငွေအပေးခံရမည့်သူအမှန်ရှိခဲ့လျှင် ထိုသူက ထိုငွေလွှဲစာချုပ်များကို A ထံသို့ပေးပို့ခြင်းမပြုနိုင်မီ A ကယင်းငွေလွှဲ စာချုပ်များကို လက်ခံခြင်းသည် ငွေအပေးခံရမည့်သူမှာဟန်ဆောင်သာ ဖြစ်ကြောင်း A သိရှိသည်ကိုဖော်ပြသည့်အတွက် စပ်ဆိုင်သည်။

(င) A သည် B ၏ အသရေကိုပျက်စေရန် ရည်ရွယ်လျက် B အပေါ်တွင် အသရေပျက်စေသော စွပ်စွဲချက် များကိုကြေညာသည်ဟုစွဲဆိုခြင်းခံရသည်။

A သည် B နှင့်ပတ်သက်၍ယခင်ကမကောင်းသောစိတ်ဆန္ဒဖြင့် ပြောကြားဖူးခြင်းမှာ A သည် B ၏ အသရေကိုပျက်စေရန်ကြံရွယ်ချက်ရှိကြောင်း အသက်သေထင်ရှားရှိသည့်အတွက်စပ်ဆိုင်သည်။

A နှင့် B တို့သည်ယခင်ကခိုက်ရန်မရှိခဲ့ခြင်းနှင့် A သည်မိမိကြားခဲ့ခြင်းကိုသာတစ်ဆင့်ပြန်လည်ပြော ကြား ခြင်းတို့မှာ A သည် B ၏အသရေကိုပျက်စေရန်ကြံရွယ်ခြင်းမရှိကြောင်းကို ဖော်ပြသည့်အတွက်စပ်ဆိုင်သည်။

(စ) C သည်ကြွေးမြီပေးဆပ်နိုင်သူမဟုတ်သော်လည်း၊ ကြွေးမြီပေးဆပ်နိုင်သူဖြစ်သည်ဟု A ကလိမ် လည်ပြောဆိုသဖြင့် B သည် C အပေါ်တွင် ယုံကြည်ခဲ့ခြင်းကြောင့်ဆုံးရှုံးခဲ့ရပါသည်ဟု A အား B က တရားစွဲဆိုသည်။

A က B သည် ကြွေးမြီဆပ်နိုင်သူဖြစ်ကြောင်းပြောကြားသည့်အချိန်တွင် C ၏အိမ်နီးချင်းများ၊ C နှင့် ဆက်ဆံနေသူများက C သည် ကြွေးမြီဆပ်နိုင်သူဟုထင်မှတ်ကြသည်ဆိုသော အချက်သည် A ကရိုး ဖြောင့်သော သဘောဖြင့်ပြောဆိုကြောင်းဖော်ပြသည့်အတွက်စပ်ဆိုင်သည်။

(ဆ) ပိုင်ရှင်ဖြစ်သူ A ၏ အိမ်အတွက်ကန်ထရိုက်လုပ်ကိုင်သူ C ၏ စေခိုင်းချက်ဖြင့် B ကလုပ်ကိုင်ခဲ့ရ သောလက်ခကြေးငွေများကို ရလိုကြောင်းဖြင့် B က A ကိုတရားစွဲဆိုသည်။

A က B ၏ပဋိညာဉ်မှာ C နှင့်ပြုလုပ်ခြင်းဖြစ်ကြောင်းထုချေသည်။

A ကလက်ခကြေးငွေများကို C သို့ပေးရသည်ဆိုသောအချက်သည် A ကရိုးဖြောင့်သောသဘောဖြင့် အလုပ်၏စီမံအုပ်ချုပ်မှုကို C သို့လွှဲအပ်ထားသဖြင့်၊ C သည်၎င်းကိုယ်တိုင်အနေဖြင့် B နှင့် ပဋိညာဉ်ပြု လုပ်ခြင်းဖြစ်၍ A ၏ကိုယ်စားဝင်သူအဖြစ်မဟုတ်ကြောင်းသက်သေထင်ရှားသဖြင့်စပ်ဆိုင်သည်။

(ဇ) A သည်ကောက်ရသောပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့်အလွဲသုံးစားပြုသည်ဟု စွဲဆိုခြင်းခံရရာတွင်ပြဿနာမှာယင်းသည် အလွဲသုံးစားလိုက်သည့်အချိန်က ပစ္စည်းပိုင်ရှင်ကို မတွေ့နိုင် ဟု သဘောရိုးဖြင့် ယုံကြည်ခြင်းဟုတ် မဟုတ်ဖြစ်သည်။

ပစ္စည်းပျောက်ဆုံးသည်ကို A ရှိရာအရပ်၌လူအများသိရှိစေရန် ကြေညာသည်ဆိုသော အကြောင်းခြင်း ရာမှာ A သည် ပစ္စည်းပိုင်ရှင်ကိုရှာမတွေ့နိုင်ဟု သဘောရိုးဖြင့်ယုံကြည်ခြင်း မဟုတ်ကြောင်းကိုဖော်ပြသည့် အတွက် စပ်ဆိုင်သည်။

ပစ္စည်းပျောက်ဆုံးကြောင်း ကြားသိ၍ ပစ္စည်းကိုလိမ်လည်တောင်းဆိုလိုသဖြင့် C ကကြေညာချက်ကို လိမ်လည်လှည့်ဖြား၍ထုတ်ကြောင်း A ကသိရှိသည် သို့မဟုတ် ယုံကြည်ရန်အကြောင်းရှိသည်ဟူသော အချက်သည် ထိုသို့ကြေညာချက်ထုတ်သည်ကို A သိသည်ဆိုသောအချက်အားဖြင့် A သည် သဘောရိုး နှင့် မဟုတ်ဆိုသည်မှာ သက်သေအထင်အရှားမရှိသည့်အတွက်စပ်ဆိုင်သည်။

(ဈ) A သည် B အားသေစေရန်ကြံရွယ်ချက်ဖြင့် သေနတ်ဖြင့်ပစ်ခတ်သည်ဟုစွပ်စွဲခြင်းခံရသည်။ A၏ ကြံရွယ်ချက်ကိုသိသာနိုင်ရန်အလို့ငှာ A သည် B အားယခင်ကသေနတ်ဖြင့်ပစ်ဖူးသည်ဆိုသော အကြောင်းခြင်းရာကိုသက်သေထင်ရှားတင်ပြနိုင်သည်။

(ည) A သည် B ထံသို့ခြိမ်းခြောက်သောစာများကိုပေးပို့သည်ဟုစွပ်စွဲခြင်းခံရသည်။ စာများပေးပို့ခြင်း၏ ကြံရွယ်ချက်ကို သိသာနိုင်ရန်အလို့ငှာ A က B သို့ယခင်ကပေးပို့ခဲ့သည့် ခြိမ်းခြောက်သောစာများကို သက်သေခံတင်ပြနိုင်သည်။

(ဋ) ပြဿနာမှာ A သည်သူ၏ဇနီး B အားညှဉ်းပန်းနှိပ်စက်မှုပြုလုပ်ခြင်းရှိ မရှိဖြစ်သည်။

ညှဉ်းပန်းနှိပ်စက်မှုမတိုင်မီနှင့် ထိုနောက်အချိန်အနည်းငယ်အတွင်း တစ်ဦးနှင့်တစ်ဦးမည်ကဲ့သို့ စိတ်ထားရှိကြောင်းပြောဆိုချက်များသည် စပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်သည်။

(ဌ) ပြဿနာမှာ A သေဆုံးရခြင်းသည်အဆိပ်ကြောင့်ဟုတ်မဟုတ်ဖြစ်သည်။

Aက နာဆဲအချိန်တွင် ဝေဒနာမည်ကဲ့သို့ခံစားရသည်များကို ပြောဆိုချက်များမှာ စပ်ဆိုင်သော အကြောင်း ခြင်းရာများဖြစ်သည်။

(ဍ) ပြဿနာမှာ A သည်အသက်အာမခံပြုလုပ်သည့်အချိန်က ၎င်း၏ကျန်းမာရေးအခြေအနေမှာမည်ကဲ့ သို့ရှိကြောင်းဖြစ်သည်။

ဖော်ပြပါအချိန်တွင် သို့မဟုတ် ထိုအချိန်နှင့်နီးကပ်သော အချိန်တွင် A ကမိမိ၏ကျန်းမာရေးအခြေအနေ မည်ကဲ့သို့ရှိကြောင်း ပြောဆိုချက်များမှာ စပ်ဆိုင်သော အကြောင်းခြင်းရာများဖြစ်သည်။

(ဎ) အသုံးပြုရန်မသင့်လျော်သော ရထားတစ်စီးကို ငှားရမ်းသဖြင့် A ၌ ထိခိုက်ဒဏ်ရာရသည်ဟု A က B ကိုပေါ့လျော့မှုဖြင့်တရားစွဲဆိုသည်။

အခြားအချိန်အခါများ၌ အဆိုပါရထား၏ချွတ်ယွင်းခြင်းအကြောင်း B အားသတိပေးခဲ့သည်ဆိုသော အချက်မှာ စပ်ဆိုင်သည်။

B သည်မိမိငှားထားသောရထားများနှင့်ပတ်သက်၍ ပေါ့လျော့သော အလေ့အထရှိသည် ဆိုသော အချက်သည် စပ်ဆိုင်ခြင်းမရှိပါ။

(ဏ) A သည် B အားတမင်သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သည့် လူသတ်မှုဖြင့်စစ်ဆေးစီရင်ခြင်းခံရ သည်။

A သည် အခြားအချိန်အခါများတွင် B ကိုသေနတ်ဖြင့်ပစ်ဖူးသည်ဆိုသော အချက်သည် A က B ကို သေနတ်ဖြင့်ပစ်ရန်ကြံရွယ်ချက်ရှိကြောင်းဖော်ပြသည့်အတွက်စပ်ဆိုင်သည်။

A သည်အခြားလူများကိုသတ်ရန်ကြံရွယ်လျက်သေနတ်ဖြင့် ပစ်လေ့ရှိသည်ဆိုသောအကြောင်းခြင်းရာ သည် စပ်ဆိုင်ခြင်းမရှိ။

(တ) A သည် ပြစ်မှုတစ်ခုကျူးလွန်ကြောင်းဖြင့်စစ်ဆေးစီရင်းခြင်းခံရသည်။ ထိုပြစ်မှုကို ကျူးလွန်ရန် ကြံရွယ်ချက်ရှိကြောင်းဖော်ပြသည့် အကြောင်းအရာတစ်ခုခုကို A ပြောဆိုသည်ဟူသောအချက်သည် စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။

ထိုပြစ်မှုမျိုးကို ကျူးလွန်ရန်ယေဘုယျစိတ်ထားရှိကြောင်းဖော်ပြသည့်အကြောင်းအရာတစ်ခုကို A ပြောဆိုသည်ဟူသောအချက်သည်စပ်ဆိုင်ခြင်းမရှိ။