ပုဒ်မ ၂၀၁
ပုဒ်မ ၂၀၁
ပြစ်မှုကျူးလွန်သူကို ကာကွယ်ရန်အလို့ငှာ သက်သေခံကို ပျောက်ပျက်စေခြင်း သို့မဟုတ် မမှန်သတင်း ပေးခြင်း

မည်သူမဆို ပြစ်မှုကျူးလွန်ပြီးဖြစ်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်း ရှိလျက် နှင့်ဖြစ်စေ ပြစ်မှုကျူးလွန်သူအား ဥပဒေနှင့်အညီခံရမည့် ပြစ်ဒဏ်မှ ကာကွယ်ရန်အကြံဖြင့် ထိုပြစ်မှု ကျူးလွန်ခြင်းနှင့်စပ်လျဉ်းသော သက်သေခံချက်တစ်ခုခုကို ပျောက်ပျက်စေလျှင် သို့မဟုတ် ထိုကြံရွယ် ချက်နှင့်ပင် ပြစ်မှုနှင့်စပ်လျဉ်း၍ မမှန်ဟု မိမိသိသော သို့မဟုတ် ယုံကြည်သော သတင်းကိုပေးလျှင် ထိုသူကို

သေဒဏ်ချမှတ်ခြင်းခံထိုက်သော ပြစ်မှုဖြစ်ပါက။

ကျူးလွန်ပြီးဖြစ်ကြောင်း မိမိသိသော သို့မဟုတ် ယုံကြည်သောပြစ်မှုသည် သေဒဏ်ချမှတ်ခြင်း ခံထိုက် သည့် ပြစ်မှုဖြစ်ပါက ခုနှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထောင်ဒဏ်နှစ်နှစ်ဆယ်ချမှတ်ခြင်းခံထိုက်သော ပြစ်မှုဖြစ်ပါက။

ထို့ပြင် အဆိုပါပြစ်မှုသည် ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုဖြစ်ပါက သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။

ဆယ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ခြင်းခံထိုက်သော ပြစ်မှုဖြစ်ပါက။

ထို့ပြင် အဆိုပါပြစ်မှုသည် ဆယ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုဖြစ်ပါက ထိုပြစ်မှုအတွက် ပြဋ္ဌာန်းထားသော အများဆုံးကာလ အပိုင်းအခြား၏ လေးပုံတစ်ပုံထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ဥပမာ

A သည် Z ကို B သတ်ကြောင်း သိလျက်နှင့် B ကို ပြစ်ဒဏ်ချမှတ်ခြင်းမှ ကာကွယ်ရန် ကြံရွယ်ချက်ဖြင့် အလောင်းကိုဝှက်ထားရန် B ကိုကူညီ၏။ A သည် ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ခြင်း ခံထိုက်သည့်ပြင် ငွေဒဏ်လည်း ချမှတ်ခြင်းခံထိုက်သည်။


ကျင့်ထုံး


  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် ဝရမ်းထုတ်ဆဖမ်းဆီးနိုင်သည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. သေဒဏ်ထိုက်သင့်သည့် အမှုဖြစ်လျှင် ခရိုင်တရားရုံး၊ အထောင်ဒဏ် နှစ်နှစ်ဆယ်၊ နှင့် ဆယ်နှစ်အထိ ထောင်ဒဏ်ထိုက်သည့် အမှုဖြစ်လျှင် ခရိုင်တရားရုံး၊ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။