(၁) မည်သည့်အခါမဆို-
(က) ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏လက်အောက်ရှိ ပြစ်မှုဆိုင်ရာ တရားရုံးတစ်ရုံးတွင် တရားမျှတ၍ ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးမှုဖြစ်စေ၊ စစ်ဆေးစီရင်မှု ဖြစ်စေ မရနိုင်ဟုသော်လည်းကောင်း၊ သို့မဟုတ်
(ခ) အထူးခက်ခဲသော ဥပဒေပြဿနာအချို့ ဖြစ်ပေါ်လာနိုင်စရာရှိသည်ဟု သော်လည်းကောင်း၊ သို့မဟုတ်
(ဂ) ပြစ်မှုတစ်စုံတစ်ရာကို ကျေနပ်သည်အထိ စုံစမ်းစစ်ဆေးနိုင်ရန်၊ သို့မဟုတ် စစ်ဆေးစီရင်နိုင်ရန်အတွက် ၎င်းပြစ်မှုကျုးလွန်သည့် နေရာ၊ သို့မဟုတ် အနီးအနားရှိနေရာကိုဖြစ်စေ ကြည့်ရှုရန် လိုအပ်သည်ဟု သော်လည်းကောင်း၊ သို့မဟုတ်
(ဃ) ဤပုဒ်မအရ အမိန့်တစ်ရပ်ထုတ်ဆင့်ပါက အမှုသည်များ၊ သို့မဟုတ် သက်သေများမှာ ယေဘုယျအဆင်ပြေနိုင်စရာရှိသည်ဟု သော် လည်းကောင်း၊ သို့မဟုတ်
(င) တရားဖြောင့်မှန်ရေးအတွက် ဆိုခဲ့သည့်အမိန့်တစ်ရပ်ကို ထုတ်သင့်သည်ဟု သော်လည်းကောင်း၊ ဤကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက် တစ်စုံတစ်ရာအရ ဆိုခဲ့သည့်အမိန့်ကို ထုတ်ရန်လိုသည်ဟု သော်လည်းကောင်း၊
ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ ထင်ရှားအောင် လျှောက်ထားလာသည့်အခါ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်အနေဖြင့်-
(၁) ပြစ်မှုတစ်စုံတစ်ရာကို စုံစမ်းစစ်ဆေးရန်၊ သို့မဟုတ် စစ်ဆေး စီရင်ရန် ပုဒ်မ ၁၇၇ မှ ပုဒ်မ ၁၈၄ အထိ (ပုဒ်မအားလုံး အပါအဝင်) ပုဒ်မများအရ အာဏာ မရရှိသော်လည်း အခြားအချက်များတွင် အဆိုပါပြစ်မှုကို စစ်ဆေးစီရင်ပိုင်ခွင့် ရှိသည့် တရားရုံးတစ်ရုံးက စုံစမ်းစစ်ဆေးရန်၊ သို့မဟုတ် စစ်ဆေးစီရင်ရန်ဖြစ်စေ၊
(၂) တစ်စုံတစ်ရာသော ပြစ်မှုဆိုင်ရာ မူလမှု၊ သို့မဟုတ် အယူခံမှု၊ သို့မဟုတ် မူလအမှုများ၊ သို့မဟုတ် အယူခံမှုများကို လက်အောက်ရှိ ပြစ်မှုဆိုင်ရာတရားရုံးတစ်ရုံးမှ စီရင်ပိုင်ခွင့် အာဏာတူညီသည့်၊ သို့မဟုတ် ၎င်းထက် စီရင်ပိုင်ခွင့် အာဏာ တိုးမြှင့်ရရှိထားသည့် အခြားပြစ်မှု ဆိုင်ရာတရားရုံး သို့ လွှဲပြောင်းပေးရန်ဖြစ်စေ၊
(၃) တစ်စုံတစ်ရာသော ပြစ်မှုဆိုင်ရာမူလမှ၊ သို့မဟုတ် အယူခံမှုကို မိမိရှေ့တွင် စစ်ဆေးစီရင်ရန်အတွက် လွှဲပြောင်းရန် ဖြစ်စေ၊
(၄) တရားခံတစ်ယောက်ကို စစ်ဆေးစီရင်ရန်အတွက် မိမိထံ၊ သို့မဟုတ် စက်ရှင်တရားရုံးသို့ လွှဲအပ်တင်ပို့ရန် အမိန့် ချမှတ်နိုင်သည်။
(၂) ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က အမှုတစ်စုံတစ်ရာကို မိမိရွှေတွင် စစ်ဆေးစီရင်ရန်အတွက် အခြားတရားရုံးတစ်ရုံးမှ ရုပ်သိမ်းသည့်အခါ ပုဒ်မ ၂၆၇ တွင်ပြဋ္ဌာန်းပါရှိသည့်အတိုင်းမှတစ်ပါး တရားလွှတ်တော်သည် အဆိုပါအမှုကို စစ်ဆေးစီရင်ရာတွင် အမှုကို ရှုပ်သိမ်းခြင်း မပြုပါက ဆိုခဲ့သည့်တရားရုံးက လိုက်နာရမည့်ကျင့်ထုံးအတိုင်း ဆောင်ရွက်ရမည်။
( ၃ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သည် လက်အောက်ခံတရားရုံး၏ အစီရင်ခံချက်အရ ဖြစ်စေ၊ အကျိုးသက်ဆိုင်သည့် အမှုသည်တစ်ဦး၏ လျှောက်ထားချက်အရဖြစ်စေ၊ မိမိအလို အလျောက်ဖြစ်စေ ဆောင်ရွက်နိုင်သည်။
(၄)ဤပုဒ်မအရအပ်နှင်းထားသည့် အာဏာကို သုံးစွဲရန်လျှောက်ထားချက် အရပ်ရပ်တွင် လျှောက်ထားသူသည် နိုင်ငံတော်ရှေ့နေချင်မဟုတ်ပါက ကျမ်းကျိန်လွှာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ ထောက်ခံပါရှိစေရမည်။
(၅) တရားခံတစ်ဦးက ဤပုဒ်မအရ လျှောက်ထားသည့်အခါ လျှောက်ထား ချက်ကို ကန့်ကွက်သူသို့ ကုန်ကျသည့် စရိတ်များအဖြစ်ဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ဤပုဒ်မအရ စီရင်ခွင့်ရသည့် ငွေတစ်စုံတစ်ရာကိုပေးလျော်စေရန် စည်းကမ်းသတ်မှတ်ခြင်းခံရလျှင် ပေးလျော်ပါမည်ဟု အာမခံသူများနှင့်ဖြစ်စေ၊ အာမခံသူများမပါဘဲဖြစ်စေ ခံဝန်ချုပ်ဆိုစေရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က အမိန့်ချမှတ်နိုင်သည်။
ဤပုဒ်မအရ လျှောက်ထားခြင်းကို အစိုးရရှေ့နေသို့ အကြောင်းကြားစာ ပေးခြင်း။
(၆) ဆိုခဲ့သည့် လျှောက်လွှာတစ်စုံတစ်ရာကို လျှောက်ထားသည့် တရားခံတိုင်းသည် ထိုသို့ လျှောက်ထားကြောင်းအကြောင်းကြားစာကို လျှောက်ထားရသည့်အကြောင်းပြချက် မိတ္တူနှင့် တကွ အစိုးရရှေ့နေသို့ ပေးအပ်ရမည်။ ထို့ပြင် အဆိုပါ အကြောင်းကြားစာပေးအပ်သည့်အချိန်နှင့် လျှောက်ထားချက်ကို ကြားနာမည့် အချိန်အကြား အနည်းဆုံး နှစ်ဆယ်လေးနာရီ ကုန်လွန်ခြင်းမရှိလျှင် ၎င်းလျှောက်ထားချက်နှင့်စပ်လျဉ်း၍ မည်သည့်အမိန့်ကိုမျှ မချမှတ်ရ။
(၆က) ဤပုဒ်မအရ အပ်နှင်းသည့်အာဏာကို သုံးစွဲရန်အတွက်တင်သွင်းသည့် လျှောက်လွှာတစ်စောင်ကို ပလပ်သည့်အခါ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က လျှောက်လွှာမှာ အရေးမယူ ထိုက်သည့်၊ သို့မဟုတ် အနှောင့်အယှက်ဖြစ်သည့် လျှောက်လွှာ ဖြစ်ကြောင်းထင်မြင်လျှင် ၎င်းလျှောက်လွှာကို ဆန့်ကျင်ကန့်ကွက်ရသည့်အတွက် တစ်ဦးတစ်ယောက်၌ ကုန်ကျရသည့် စရိတ်ငွေ့များကို လျှောက်ထားသူက ၎င်းသူအား လျော်ကြေးအဖြစ် ပေးလျော်စေရန် အမိန့်ချမှတ်နိုင်သည်။ အဆိုပါ လျော်ကြေးငွေမှာ အမှုအခြေအနေအရ သင့်တော်သလို စဉ်းစားဆင်ခြင်၍ ကျပ်ငွေ နှစ်သောင်းငါးသောင်းထက် မပိုစေရ။
(၇) ဤပုဒ်မပါ မည်သည့် ပြဋ္ဌာန်းချက်ကမျှ ပုဒ်မ ၁၉၇ အရ ချမှတ်သည့် အမိန့်တစ်စုံတစ်ရာကို ထိခိုက်စေသည်ဟု မမှတ်ယူရ။
(၈)-(၁၀) x x x x x