(၁) ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် ဖြစ်စေ၊ ခရိုင်တရားရုံးကဖြစ်စေ ၎င်း၏၊ သို့မဟုတ် မိမိ၏ စီရင်ပိုင်ခွင့်အာဏာနယ်မြေအတွင်းရှိ လက်အောက်ခံ ပြစ်မှုဆိုင်ရာ တရားရုံးတစ်ရုံးရုံးက မှတ်တမ်းတင်သော၊ သို့မဟုတ် ချမှတ်သော ဆုံးဖြတ်ချက်၊ ပြစ်ဒဏ်၊ သို့မဟုတ် အမိန့်မှန် မမှန်၊ ဥပဒေနှင့် ညီ မညီ၊ သင့်မြတ်ခြင်း ရှိ မရှိ၊ ထို့ပြင် ယင်းလက်အောက်ခံတရားရုံး၏ မှုခင်းဆောင်ရွက်ချက်သည် နည်းလမ်းကျ မကျ သိရှိရန် ကိစ္စအလို့ငှာ ယင်းတရားရုံးရှေ့ရှိ မည်သည့် မှုခင်းဆောင်ရွက်ချက်အမှုကိုမဆို ခေါ်ယူစီစစ်နိုင်သည်။ ယင်းသို့ အမှုတွဲကို ခေါ်ယူသည့်အခါ မည်သည့်ပြစ်ဒဏ်ကိုမဆို ဆိုင်းငံ့ထားရန်နှင့် တရားခံအချုပ်တွင် ရှိနေလျှင် အာမခံနှင့်ဖြစ်စေ၊ ၎င်းကိုယ်တိုင်ခံဝန်ချုပ်ဆို၍ဖြစ်စေ အမှုတွဲကို စီစစ်နေဆဲတွင် လွှတ်ထားစေရန် ညွှန်ကြားနိုင်သည်။
ရှင်းလင်းချက်။ ************************************************************
(၂) ပုဒ်မခွဲ(၁)အရ ဆောင်ရွက်သည့် နယ်ပိုင်ရာဇဝတ်တရားသူကြီးက ဆိုခဲ့သည့် ဆုံးဖြတ်ချက်၊ ပြစ်ဒဏ်၊ သို့မဟုတ် အမိန့်သည် ဥပဒေနှင့်မညီကြောင်း၊ သို့မဟုတ် သင့်မြတ်ခြင်း မရှိကြောင်း၊ သို့မဟုတ် အဆိုပါ မှုခင်းဆောင်ရွက်ချက်သည် နည်းလမ်းမကျကြောင်း ထင်မြင်လျှင် ထိုနယ်ပိုင်ရာဇဝတ်တရားသူကြီးက မိမိ သင့်သည်ထင်မြင်သည့် မှတ်ချက်များ ရေးသားလျက် အမှုတွဲကို ခရိုင်ရာဇဝတ်တရားသူကြီးထံ တင်ပြရမည်။
(၃) x x x x x
(၄) ဤပုဒ်မအရ လျှောက်လွှာတစ်စုံတစ်ရာကို စက်ရှင်တရားသူကြီးထံဖြစ်စေ၊ ခရိုင်ရာဇဝတ်တရားသူကြီးထံဖြစ်စေ တင်သွင်းပြီးဖြစ်လျှင် ၎င်းတို့အနက် ကျန်မည်သူကမျှ နောက်ထပ် လျှောက်လွှာတစ်စုံတစ်ရာကို စဉ်းစားနိုင်ရန် လက်မခံရ။