(၁) ပုဒ်မ ၁၃၆ အရ ဖြစ်စေ၊ ပုဒ်မ ၁၃၇ အရဖြစ်စေ၊ အမိန့်ကို အပြီးအပြတ် ပြုလုပ်သည့်အခါ ယင်းကဲ့သို့ပြုလုပ်ကြောင်းကို အမိန့်ချမှတ်ခြင်းခံရသူအား တရားသူကြီးက အသိပေး ပြီးနောက် အမိန့်ပါ သတ်မှတ်ချက်ကို ၎င်းအမိန့်တွင် သတ်မှတ်ပိုင်းခြားရမည့် နေ့ရက် အချိန်အခါအတွင်း ဆောင်ရွက်ရမည့်အကြောင်းကို ထပ်မံညွှန်ကြားရမည့်အပြင် ထိုကဲ့သို့ ညွှန်ကြားသည်ကို မလိုက်နာပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ ပြစ်ဒဏ်ထိုက်သင့် စေနိုင်ကြောင်း ပြောကြား ရမည်။
အမိန့်ကို မလိုက်နာခြင်း၏ အကျိုးဆက်
(၂) သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ထိုသတ်မှတ်ချက်ကို မဆောင်ရွက်လျှင် တရား သူကြီးက ဆောင်ရွက်စေရန် ပြုလုပ်ရမည်။ ထိုသို့ပြုလုပ်ရာတွင် ကုန်ကျသည့် စရိတ် ကြေးငွေများကို ချမှတ်သည့်အမိန့်အရ ဖယ်ရှားသည့် အိမ်ယာအဆောက်အအုံ၊ ကုန်ပစ္စည်းများကို ရောင်းချ၍ဖြစ်စေ သို့မဟုတ် တရားသူကြီးစီရင်ပိုင်ခွင့် အာဏာ နယ်မြေအတွင်း သော်လည်းကောင်း၊ ပြင်ပတွင် သော်လည်းကောင်း ရှိသည့်အမိန့် ချမှတ် ခြင်း ခံရသူပိုင် အခြားရွှေ့ပြောင်းနိုင်သည့် ပစ္စည်း တစ်စုံတစ်ရာကို သိမ်းယူ ရောင်းချ၍ ဖြစ်စေ ရယူနိုင်သည်။ ဆိုခဲ့သည့် အခြားပစ္စည်း တစ်စုံတစ်ရာမှာ စီရင်ပိုင်ခွင့်နယ်မြေ ပြင်ပတွင်ရှိလျှင် ထိုအမိန့်ကို ပစ္စည်းတည်ရှိရာ နယ်မြေ၏ စီရင်ပိုင်ခွင့်အာဏာရှိသော တရားသူကြီးက ထပ်ဆင့် ရေးသား လက်မှတ်ရေးထိုး၍ ၎င်းအပိန့် အရ ထိုပစ္စည်းကို ဝရမ်းစွဲကပ် ရောင်းချခွင့် ရှိသည်။
(၃) ဤပုဒ်မအရ သဘောရိုးဖြင့် ပြုလုပ်သည့် မည်သည့် လုပ်ဆောင်ချက်ကိုမျှ တရားမ ကြောင်းအရ တရားစွဲဆိုခွင့်မရှိစေရ။