(က) နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အရအသုံးစာရင်းများကို စစ်ဆေး၍ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ ထဲကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုစာရင်း စစ်ချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရမည် -
(၁) အသက် ၄၅ နှစ်ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော စာရင်းစစ်အရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ်ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ခခ) မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် အနည်းဆုံး ၂၀ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ဂဂ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော စာရင်းပညာရှင် သို့မဟုတ် စာရင်းအင်းပညာရှင် သို့မဟုတ် စီးပွားရေးပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။
(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။
(ခ) ပြည်ထောင်စုစာရင်းစစ်ချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြသနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသည့် ပုဂ္ဂိုလ်အား ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ၊
(ဂ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(ဃ) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(င) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(စ) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍တည်ဆဲ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(ဆ) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စု စာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေ့မှစ၍ မိမိ ရာထူးသက်တမ်းအတွင်းယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခြင်းမပြုရ။