ပြစ်မှုတစ်ခုကိုဖြစ်စေ၊ တရားမကြောင်းစွဲဆိုနိုင်သော အကျိုးနစ်နာမှုတစ်ခုကိုဖြစ်စေ၊ ကျူးလွန်ရန် အတွက် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောသူများက ပူပေါင်းကြံစည်သည်ဟုယုံကြည်ရန် ယုတ္ထိတန်သော အကြောင်းရှိလျှင် အဆိုပါသူများအနက်တစ်ဦးက ထိုအကြံအစည်ကို ဦးစွာပထမရရှိပြီးနောက် ထိုအကြံအစည်နှင့်စပ်လျဉ်း၍ အဆိုပါသူတစ်ဦးဦး၏ပြောဆိုချက်၊ ပြုမူချက်၊ ရေးသားချက်တစ်ခုခုသည် ပူးပေါင်းကြံစည်မှုတစ်ခုရှိကြောင်း သက်သေထင်ရှားပြရန် အလို့ငှာလည်းကောင်း၊ထိုသူတစ်ဦးတစ် ယောက်သည် ထိုအစုအဝေးတွင်ပါဝင်သူဖြစ်ကြောင်း ပြသရန်အလို့ငှာလည်းကောင်း၊ အမှု၌ပူးပေါင်း ကြံစည်သည်ဟု ယုံကြည်ရသူတစ်ဦးစီ၏ အပေါ်တွင်စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။
ဥပမာများ
အစိုးရကို စစ်မက်ပြိုင်ဆိုင်ရန်ပူးပေါင်းကြံစည်မှုတွင် A ပါဝင်သည်ဟု ယုံကြည်ရန်ယုတ္ထိတန်သော အကြောင်းရှိသည်။
ပူးပေါင်းကြံစည်မှုကိစ္စအတွက် B သည်ဥရောပတိုက်တွင် လက်နက်များကို ရှာဖွေရယူခြင်း၊ ထိုကိစ္စအ တွက် C သည် ရန်ကုန်မြို့တွင်ငွေများကောက်ခံခြင်း၊ D သည် ပုသိမ်မြို့၌ ပူးပေါင်းကြံစည်မှုတွင် ပါဝင်ရန် လူများကို ဖြားယောင်းသွေးဆောင်ခြင်း၊ E သည်တောင်ငူမြို့၌ ကြံစည်ချက်ကို အားပေးသည့် ရေးသားချက်များကိုကြေညာခြင်း၊ F က ရန်ကုန်တွင် C ကောက်ခံရရှိထားသော ငွေများကို မန္တလေးမြို့ မှ တောင်ကြီးမြို့ရှိ G ထံသို့ပေးပို့ခြင်းဟူသောအချက်များနှင့် ထိုသို့ပူးပေါင်းကြံစည်ကြသော အကြောင်း အရာများကို H က ထုတ်ဖော်ရေးသားထားသောစာတွင်ပါရှိသော အချက်များသည် ယင်းတို့အားလုံးမှာ ပူးပေါင်းကြံစည်မှုရှိကြောင်း သက်သေထင်ရှားတင်ပြရန်အတွက်လည်းကောင်း A သည် အထက်ပါ ပြုလုပ်မှုအားလုံးကိုလည်းမသိ၊ ပြုလုပ်သူများကိုလည်းသိရှိသူမဟုတ်သည့်ပြင်၊ ပြုလုပ်မှုများမှာလည်း ပူးပေါင်း ကြံစည်မှုတွင် A မပါဝင်မီ သို့မဟုတ် ပူးပေါင်းကြံစည်မှုကို A စွန့်လွှတ်ပြီးနောက်မှ ဖြစ်ပွားကြသော်လည်းထိုပူးပေါင်းကြံစည်မှုတွင် A ပါဝင်ကြောင်း သက်သေထင်ရှားတင်ပြရန်အတွက် လည်းကောင်း စပ်ဆိုင်သည်။