(၁) သေစေခြင်းဖြစ်တန်ရာသော ကိုယ်အင်္ဂါနာကျင်မှုကိုဖြစ်စေရန် အကြံဖြင့် မည်သူမဆို ပြုလုပ်မှု တစ်ခုခုကိုပြု၍ လူကိုသေစေလျှင် ထိုသူသည် လူသတ်မှုမမြောက်သည့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုကို ကျူးလွန်သည်မည်၏။ ထို့ပြင်
(၂) သေစေရန် အကြံဖြင့်ဖြစ်စေ၊ ဖြစ်တတ်သောသဘောအရ အမှန်အားဖြင့် သေစေလောက်သော ကိုယ်အင်္ဂါနာကျင်မှုကိုဖြစ်စေရန် အကြံဖြင့်ဖြစ်စေ၊ မည်သူမဆို ပြုလုပ်မှုတစ်ခုခုကိုပြု၍ လူကိုသေစေ လျှင် ထိုသူသည် အောက်ပါအချက်တစ်ခုခု၌ လူသတ်မှုမမြောက်သည့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုကို ကျူးလွန်သည် မည်၏။
(က) ပြစ်မှုကျူးလွန်သူသည် ရုတ်တရက် အကြီးအကျယ်ဒေါသထွက်အောင် ပြုခြင်းခံရသဖြင့် မိမိကိုယ်ကို မိမိမချုပ်တည်းနိုင်သည့်အတွင်း ဒေါသထွက်အောင် ပြုသူကိုဖြစ်စေ၊ မှားယွင်း၍သော်လည်း ကောင်း၊ မတော်တဆသော်လည်းကောင်း အခြားသူတစ်ဦးဦးကိုဖြစ်စေ သေစေလျှင်-
ခြွင်းချက်-
(ခ)ပြစ်မှုကျူးလွန်သူသည် ကိုယ်ကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ကာကွယ်ခုခံပိုင်ခွင့် ကို သဘောရိုးဖြင့် သုံးစွဲရာတွင် ဥပဒေကပေးအပ်သည့် ကာကွယ်ခုခံပိုင်ခွင့်ကို လိုသည်ထက် ပိုမိုသုံးစွဲ၍ တင်ကူးကြံရွယ်ခြင်း မရှိဘဲနှင့်လည်းကောင်း၊ ထိုသို့ ကာကွယ်ခုခံရန်အလို့ငှာ လိုသည်ထက်ပို၍ အန္တရာယ်ပြုရန် ကြံရွယ်ခြင်း မရှိဘဲနှင့် လည်းကောင်း ကာကွယ်ခုခံပိုင်ခွင့် သုံးစွဲရခြင်း၏ အကြောင်းရင်း ဖြစ်သော လူကိုသေစေလျှင်-
(ဂ)ပြည်သူ့ဝန်ထမ်းဖြစ်သော သို့မဟုတ် ဖြောင့်မှန်စွာ တရားစီရင်ရေးအတွက် ပြည်သူ့ဝန်ထမ်းကိုကူညီသော ပြစ်မှုကျူးလွန်သူသည် ဥပဒေက ပေးအပ် သော အာဏာကို လိုသည်ထက် ပိုမိုသုံးစွဲ၍ ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ဝတ္တရားကို ကျနစွာဆောင်ရွက်ရေးအတွက် ဥပဒေနှင့်အညီ ဖြစ်သည့် အပြင် လိုလည်းလိုအပ်သည်ဟု သဘောရိုးဖြင့် မိမိယုံကြည်သော ပြုလုပ်မှု တစ်ခုကို ပြုခြင်းဖြင့်လည်းကောင်း၊ သေသူအပေါ်၌ ရန်ငြိုးထားခြင်း မရှိဘဲ နှင့်လည်းကောင်း လူကိုသေစေလျှင်-
(ဃ)ပြစ်မှုကျူးလွန်သူသည် ရုတ်တရက်ခိုက်ရန်ဖြစ်ပွားသဖြင့် ဒေါသ အမျက် ပြင်းပြ၍ ရုတ်တရက်သတ်ပုတ်ကြရာတွင် တင်ကူးကြံရွယ်ခြင်း မရှိဘဲနှင့် လည်းကောင်း၊ မလျော်သော အခွင့်အရေးယူခြင်း သို့မဟုတ် ရက်ရက် စက်စက် ထူးထူးခြားခြား သို့မဟုတ် ရက်ရက်စက်စက် သို့မဟုတ် ထူးထူး ခြားခြား ပြုမူခြင်းမရှိဘဲနှင့်လည်းကောင်း ပြုလုပ်လျှင်-
ရှင်းလင်းချက်။ အဆိုပါအချက်များတွင် မည်သူက ဒေါသထွက်စေမှုကိုပြုသည် သို့မဟုတ် လက်ရောက်မှုကို ရှေးဦးစွာပြုသည်ဟူသောအချက်မှာ အရေးပါအရာရောက်သော အချက်မဟုတ်။
(င)အသက်ဆယ့်ရှစ်နှစ် ကျော်လွန်သည်လည်းဖြစ်၍ သဘောတူ အသေခံသည် လည်းဖြစ်သော သို့မဟုတ် ထိုသို့သေဘေးကို ခံယူစွန့်စားသည်လည်း ဖြစ်သော သူတစ်ဦးကို ပြစ်မှုကျူးလွန်သူက သေစေလျှင်။