သူတစ်ဦးက အခြားသူတစ်ဦးကို အနိုင်အထက်ပြုသည်ဆိုသည်မှာ သူတစ်ဦးအား ရွေ့လျားစေလျှင် သို့မဟုတ် ရွေ့လျားသည်ကို ပြောင်းလဲစေလျှင် သို့မဟုတ် ထိုသို့ရွေ့လျားသည်ကို ရပ်စဲစေလျှင် သို့မဟုတ် သူတစ်ဦး၏ ကိုယ်အင်္ဂါ တစ်ခုခုနှင့်ဖြစ်စေ၊ ထိုသူဝတ်ဆင်သော သို့မဟုတ် ဆောင်ယူသော အရာဝတ္ထုနှင့် ဖြစ်စေ၊ ထိတွေ့မှုရှိလျှင် ထိုသူ၏ အာရုံခံစားမှုကို ဖြစ်ပေါ်စေနိုင်သည့် အခြေ၌ရှိသော အရာဝတ္ထုနှင့်ဖြစ်စေ ထိတွေ့အောင် အရာဝတ္ထုတစ်ခုခုကို ရွေ့လျားစေလျှင် သို့မဟုတ် ထိုအရာဝတ္ထုရွေ့လျားသည်ကို ပြောင်းလဲစေလျှင် သို့မဟုတ် ထိုသို့ ရွေ့လျားသည်ကို ရပ်စဲစေလျှင် သူတစ်ဦးကို အနိုင်အထက်ပြုသည် မည်၏။
သို့ရာတွင် ရွေ့လျားခြင်း၊ ရွေ့လျားမှုပြောင်းလဲခြင်း၊ ရွေ့လျားမှုရပ်စဲခြင်းတစ်ခုခုကို ဖြစ်စေသော သူသည် အောက်ဖော်ပြပါ နည်းသုံးမျိုးအနက် တစ်မျိုးမျိုးဖြင့်ပြုမှသာလျှင် ရွေ့လျားခြင်းကို သို့မဟုတ် ရွေ့လျားမှု ပြောင်းလဲခြင်းကို သို့မဟုတ် ရွေ့လျားမှုရပ်စဲခြင်းကို ဖြစ်စေသည်မည်၏။
ပထမ။ ထိုသူ၏ ကိုယ်အင်အားဖြင့်ပြုခြင်း။
ဒုတိယ။ ပြုသူကဖြစ်စေ၊ အခြားသူတစ်ဦးဦးကဖြစ်စေ ပြုလုပ်မှုတစ်ခုခုကို ထပ်မံ၍ မပြုဘဲနှင့် ရွေ့လျား ခြင်း၊ ရွေ့လျားမှုပြောင်းလဲခြင်း၊ ရွေ့လျားမှုရပ်စဲခြင်း တစ်ခုခုဖြစ်အောင် အရာဝတ္ထုတစ်ခုခုကို ပြုခြင်း။
တတိယ။ တိရစ္ဆာန်တစ်ကောင်ကောင်အား ရွေ့လျားခြင်း၊ ရွေ့လျားမှုပြောင်းလဲခြင်း၊ ရွေ့လျားမှုရပ်စဲခြင်း တစ်ခုခုပြုစေရန် သွေးဆောင်ခြင်း။