ပုဒ်မ ၂၁
ပြည်သူ့ဝန်ထမ်း
“ပြည်သူ့ဝန်ထမ်း” ဆိုသည်မှာ အောက်ဖော်ပြပါ သူတစ်မျိုးမျိုးကို ဆိုသည် -
ပထမ။ အစိုးရပဋိညာဉ်ခံအမှုထမ်း။
ဒုတိယ။ တပ်မတော်ပြန်တမ်းဝင်အရာရှိ။
တတိယ။ တရားသူကြီး။
စတုတ္ထ။ ဥပဒေနှင့်သက်ဆိုင်သည့် အကြောင်းကိုဖြစ်စေ၊ ဖြစ်ပျက်ပုံအခြင်းအရာကိုဖြစ်စေ ရာထူး အလျောက် စုံစမ်းထောက်လှမ်းရန် သို့မဟုတ် အစီရင်ခံရန် သို့မဟုတ် စာတမ်းအမှတ်အသားကိုပြုရန် သို့မဟုတ် မှန်ကန်ကြောင်းလက်မှတ်ရေးထိုးရန် သို့မဟုတ် ထားရှိရန် သို့မဟုတ် ပစ္စည်းကို ရယူထိန်းသိမ်းရန် သို့မဟုတ် စီမံခန့်ခွဲရန် သို့မဟုတ် တရားရေးဆိုင်ရာ အမိန့််ဆင့်စာစသည်များကို အတည်ဖြစ်အောင် ဆောင်ရွက်ရန် သို့မဟုတ် ကျမ်းကျိန်စေရန် သို့မဟုတ် ဘာသာပြန်ဆိုရန် သို့မဟုတ် တရားရုံးတွင် စနစ်တကျရှိမှုကို ထိန်းသိမ်းရန် တာဝန်ဝတ္တရားရှိသော တရားရုံးအရာရှိနှင့် ယင်းတာဝန် ဝတ္တရား တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် တရားရုံးက အထူးအာဏာအပ်နှင်းခြင်းခံရသူ။
ပဉ္စမ။ တရားရုံးကိုဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းကိုဖြစ်စေ အထောက်အကူပြုသော ဂျူရီလူကြီး၊ ကျွမ်းကျင်သည့် အကဲဖြတ်သူ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး။
ဆဋ္ဌမ။ ဆုံးဖြတ်ရန်သော်လည်းကောင်း၊ အစီရင်ခံရန်သော်လည်းကောင်း မည်သည့်အမှုကိုမဆို သို့မဟုတ် မည်သည့်အကြောင်းအရာကိုမဆို တရားရုံး၏ သို့မဟုတ် လုပ်ပိုင်ခွင့်ရ ပြည်သူ့ဝန်ထမ်း အာဏာပိုင်၏ လွှဲအပ်ခြင်းကိုခံရသော အနုညာတခုံသမာဓိ သို့မဟုတ် အခြားပုဂ္ဂိုလ်။
သတ္တမ။ သူတစ်ဦးဦးကို ချုပ်နှောင်ပိုင်ခွင့် သို့မဟုတ် ချုပ်နှောင်ထားပိုင်ခွင့်အာဏာရ ရာထူးလက်ရှိ ဖြစ်သူ။
အဋ္ဌမ။ ရာထူးအလျောက်ပြစ်မှုများကို တားမြစ်ရန် သို့မဟုတ် ပြစ်မှုအကြောင်းအရာကို သတင်းပေးရန် သို့မဟုတ် ပြစ်မှုကျူးလွန်သူတို့ကို ဥပဒေနှင့်အညီ ဖြစ်စေရန်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးကို ဖြစ်စေ၊ လုံခြုံရေးကိုဖြစ်စေ၊ သက်သာလွယ်ကူရေးကိုဖြစ်စေ ကာကွယ်စောင့်ရှောက်ရန်သော်လည်း ကောင်း တာဝန်ဝတ္တရားရှိသော အစိုးရအရာရှိ။
နဝမ။ ရာထူးအလျောက်အစိုးရအတွက် ပစ္စည်းကိုရယူရန် သို့မဟုတ် လက်ခံရန် သို့မဟုတ် ထားရှိရန် သို့မဟုတ် သုံးစွဲရန် တာဝန်ဝတ္တရားရှိသောအရာရှိ၊ အစိုးရအတွက် စစ်ဆေးရန် သို့မဟုတ် တန်ဖိုးဖြတ်ရန် သို့မဟုတ် အခွန်စည်းကြပ်ရန် သို့မဟုတ် ပဋိညာဉ်ပြုရန် တာဝန်ဝတ္တရားရှိသောအရာရှိ၊ အခွန်နှင့် စပ်လျဉ်းသည့် အမိန့်ဆင့်စာစသည်များကို အတည်ဖြစ်အောင်ဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိသော အရာရှိ၊ အစိုးရငွေကြေး အခွင့်အရေးဆိုင်ရာအမှုကိစ္စကို စုံစမ်းထောက်လှမ်းရန် သို့မဟုတ် အစီရင်ခံရန် တာဝန်ဝတ္တရားရှိသောအရာရှိ၊ အစိုးရငွေကြေး အခွင့်အရေးဆိုင်ရာ စာတမ်းအမှတ်အသားကိုပြုရန် သို့မဟုတ် မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရန် သို့မဟုတ် ထားရှိရန် တာဝန်ဝတ္တရားရှိသောအရာရှိ၊ အစိုးရငွေကြေးဆိုင်ရာ အကျိုးစီးပွားကို စောင့်ရှောက်ရန်အလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေကို ချိုးဖောက်ခြင်း မရှိစေရအောင် တားဆီးရန် တာဝန်ဝတ္တရားရှိသောအရာရှိ၊ ထို့ပြင်နိုင်ငံတော်ကခန့်ထား၍ နိုင်ငံတော်၏အမှုကို ထမ်းရွက်သော သို့မဟုတ် လစာကိုယူသောအရာရှိ၊ အများပြည်သူဆိုင်ရာ တာဝန်ဝတ္တရားဆောင်ရွက်ရေးအတွက် အခကြေးငွေသော်လည်းကောင်း၊ ကော်မရှင်သော်လည်းကောင်း ရရှိသောအရာရှိ သို့မဟုတ် အစိုးရအဖွဲ့ဝင်။
ဒသမ။ ကျေးရွာ၊ မြို့ သို့မဟုတ် ခရိုင်တစ်ခုခုတွင် အများနှင့်သက်ဆိုင်သော လောကီဆိုင်ရာကိစ္စအတွက် ရာထူးအလျောက် ပစ္စည်းကိုရယူရန် သို့မဟုတ် လက်ခံရန် သို့မဟုတ် ထားရှိရန် သို့မဟုတ် သုံးစွဲရန် တာဝန်ဝတ္တရားရှိသောအရာရှိ၊ စစ်ဆေးရန် သို့မဟုတ် တန်ဖိုးဖြတ်ရန် တာဝန်ဝတ္တရားရှိသောအရာရှိ၊ အခွန်ကောက်ခံရန် တာဝန်ဝတ္တရားရှိသောအရာရှိ၊ ကျေးရွာ၊ မြို့ သို့မဟုတ် ခရိုင်တစ်ခုခုတွင် နေသူတို့၏ ဆိုင်ရာဆိုင်ခွင့်များကို သေချာစွာသိသာနိုင်အောင် စာတမ်းအမှတ်အသားပြုရန် သို့မဟုတ် မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရန် သို့မဟုတ် ထားရှိရန် တာဝန်ဝတ္တရားရှိသောအရာရှိ။
ဧကာဒသမ။ ရွေးကောက်ပွဲစာရင်းကို ပြုစုရန်၊ ထုတ်ပြန်ရန်၊ ထိန်းသိမ်းထားရှိရန် သို့မဟုတ် ပြင်ဆင်ရန် အာဏာရရာထူးလက်ရှိဖြစ်သူ၊ ရွေးကောက်ပွဲတစ်ခု အတွက်ဖြစ်စေ၊ တစ်စိတ်တစ်ဒေသအတွက်ဖြစ်စေ ဆောင်ရွက်ရန် အာဏာရ ရာထူးလက်ရှိဖြစ်သူ။
ဥပမာ
စည်ပင်သာယာရေးကော်မတီ သို့မဟုတ် အဖွဲ့၏ အဖွဲ့ဝင်သည် ပြည်သူ့ဝန်ထမ်းဖြစ်သည်။
ရှင်းလင်းချက် ၁။ အထက်တွင်ဖော်ပြခဲ့သောသူများသည် အစိုးရက ခန့်ထားသည်ဖြစ်စေ၊ မခန့်ထား သည်ဖြစ်စေ ပြည်သူ့ဝန်ထမ်းဖြစ်သည်။
ရှင်းလင်းချက် ၂။ “ပြည်သူ့ဝန်ထမ်း” ဆိုသည့်စကားရပ်ပါရှိသည့် နေရာတိုင်းတွင် ပြည်သူ့ဝန်ထမ်း ရာထူးလက်ရှိဖြစ်နေသောသူသည် ဥပဒေအရ ချို့ယွင်းချက် ရှိနေစေကာမူ ထိုရာထူးလက်ရှိ ဖြစ်နေသူကိုလည်း ဆိုသည်။
ရှင်းလင်းချက် ၃။ “ရွေးကောက်ပွဲ” ဆိုသည်မှာ သက်ဆိုင်ရာလွှတ်တော် သို့မဟုတ် စည်ပင် သာယာရေးကော်မတီ သို့မဟုတ် အဖွဲ့ သို့မဟုတ် အများပြည်သူဆိုင်ရာ အခြား အာဏာရအဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ၊ အရာရှိကိုဖြစ်စေ ရွေးချယ်ရန်အလို့ငှာ ဥပဒေဖြင့်ပြဋ္ဌာန်းသည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် ရွေးကောက်ခြင်းကို ဆိုသည်။