(၁) မည်သည့်အရပ်သားမဆို မိမိရှေ့မှောက်တွင် အာမခံမပေးနိုင်သည့်အပြင် ရဲအရေးယူ ပိုင်ခွင့်ရှိသော ပြစ်မှုတစ်စုံတစ်ရာကျူးလွန်သူ သို့မဟုတ် ပြစ်မှုကျူးလွန်ကြောင်း ကြေညာ ခြင်း ခံရသူ မည်သူ့ကိုမဆို ဖမ်းဆီးနိုင်သည်။ ယင်းကဲ့သို့ ဖမ်းဆီးထားသူကို အကြောင်းမဲ့ ကြန့်ကြာခြင်း မရှိဘဲ ရဲအရာရှိတစ်ဦးထံ ပို့အပ်ရမည်။ ရဲအရာရှိ မရှိပါက ထိုသူကို ချုပ်နှောင်ပြီး အနီးဆုံး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းသို့ ပို့အပ်ရမည် သို့မဟုတ် ပို့အပ်ရန် စီစဉ်ရမည်။
(၂) ထိုအဖမ်းခံရသူသည် ပုဒ်မ ၅၄ ပါ ပြဋ္ဌာန်းချက်နှင့် သက်ဆိုင်နေကြောင်း ယုံကြည်ရန် အကြောင်း ရှိလျှင် ထိုသူကို ရဲအရာရှိက ထပ်မံဖမ်းဆီးရမည်။
(၃) အဖမ်းခံရသူသည် ရဲအရေးယူပိုင်ခွင့်မရှိသော ပြစ်မှုတစ်စုံတစ်ရာကို ကျူးလွန်ကြောင်း ယုံကြည်ရန် အကြောင်းရှိပြီး ရဲအရာရှိက ၎င်း၏အမည်နှင့် နေရပ်လိပ်စာကို မေးမြန်းရာ၌ ပေးရန်ငြင်းဆိုလျှင် သို့မဟုတ် ပေးသော်လည်းမမှန်ဟု ရဲအရာရှိက ယုံကြည်လောက် သည့် အကြောင်းရှိလျှင် ထိုသူကို ပုဒ်မ ၅၇ ပါ ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ရမည်။ ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ကြောင်း ယုံကြည်ရန် အကြောင်းမလုံလောက်လျှင် ထိုသူကို ချက်ချင်း လွှတ်ရမည်။