ပုဒ်မ ၂၄၄
ပုဒ်မ ၂၄၄
ဒုတိယစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း

(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုစာရင်းစစ်ချုပ်အား အထောက်အကူပြုရန် လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ် သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား မိမိသဘောဆန္ဒအလျောက် ဒုတိယစာရင်း စစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည် -

(၁) အသက် ၄၀ နှစ်ပြည့်ပြီးသူ၊

(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင်ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊

(၃) ပုဒ်မ ၁၂၁ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊

(၄) (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော စာရင်းစစ်အရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ်ဆောင်ရွက်ခဲ့သူ သို့မဟုတ်

(ခခ) မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် အနည်းဆုံး ၁၅ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်

(ဂဂ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော စာရင်းပညာရှင် သို့မဟုတ် စာရင်းအင်းပညာရှင် သို့မဟုတ် စီးပွားရေးပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။

(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

(ခ) ဒုတိယစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်အားလည်းကောင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊

(ဂ) ဒုတိယစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စား လှယ်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းသော်လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်သော် လည်းကောင်း ဖြစ်ပါက ပုဒ်မ ၂၄၂ ပုဒ်မခွဲ (င) ၊ (စ) နှင့် (ဆ)ပါ ပြဋ္ဌာန်းချက်များနှင့် လည်းသက်ဆိုင် စေရမည်။