ပုဒ်မ ၂၀၈
ပုဒ်မ ၂၀၈
သက်သေ ခံချက်များရယူခြင်း။

(၁) တရားခံရောက်ရှိသည့်အခါ၊ သို့မဟုတ် ၎င်း ကို ခေါ် ဆောင် လာသည့် အခါ တိုင်တန်းသူက ဆန္ဒရှိနေလျှင် ၎င်းလျှောက်လိုသည့်အချက်ကို ကြားနာရန် ဆောင်ရွက်ရ မည်။ ထို့ပြင် တရားလိုဘက်သက်သေ၊ သို့မဟုတ် တရားခံဘက်သက်သေ၊ သို့မဟုတ် ရာဇဝတ် တရားသူကြီးက တောင်းခေါ်သည့် သက်သေထွက်ချက်အရပ်ရပ်ကို အောက်တွင် ပြဋ္ဌာန်းပါရှိ သည့်နည်းလမ်းအတိုင်း ရယူရမည်။

(၂ ) တရားခံမှာ တရားလိုဘက်သက်သေများကို ပြန်လှန်စစ်မေးခွင့်ရှိစေရမည်။ ထိုသို့ စစ်မေးသည့်အချက်တွင် အမှုလိုက်ရှေ့နေက ၎င်းတို့ကို ထပ်မံစစ်မေးနိုင်သည်။

နောက်ထပ် သက်သေခံချက်များတင်ပြရန် ထုတ်ဆင့်သည့် အမိန့်ဆင့်စာများ။

(၃) တိုင်တန်းသူ၊ သို့မဟုတ် အမှုလိုက်ရှေ့နေ သို့မဟုတ် တရားခံက သက်သေ တစ်ဦးတစ်ယောက် အတင်းအကြပ်လာရောက်စေရန်၊ သို့မဟုတ် စာတမ်း အမှတ်အသား၊ သို့မဟုတ် အရာဝတ္တု တင်ပြစေရန် အမိန့်ဆင့်စာထုတ်ပေးရေးအတွက် ရာဇဝတ်တရားသူကြီးထံ လျှောက်ထားလျှင် ၎င်းရာဇဝတ်တရားသူကြီးက ထိုသို့ ထုတ်ဆင့်ရန်လိုအပ်ခြင်းမရှိဟု ထင်မြင်သည့် အကြောင်းများကို ရေးမှတ်ထားခြင်းမရှိပါက အဆိုပါအမိန့်ဆင့်စာကို ထုတ်ဆင့်ပေးရမည်။