(၁) ဤအခန်းအရ စုံစမ်းထောက်လှမ်းခြင်းပြုသော မည်သည့်ရဲအရာရှိမဆို သို့မဟုတ် ဤကိစ္စ အလို့ငှာ နိုင်ငံတော်သမ္မတက ယေဘုယျ သို့မဟုတ် အထူးအမိန့်ဖြင့် သတ်မှတ်သည့် အဆင့်ထက် မနိမ့်သော ရဲအရာရှိ တစ်ဦးသည် အဆိုပါအရာရှိ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျက် အမှု၏ အကြောင်းခြင်းရာနှင့် အဖြစ်အပျက် အကြောင်းအရာများကို သိကျွမ်းသည်ဟု ထင်မြင်ယူဆရသော မည်သူ့ကိုမဆို နှုတ်ဖြင့် စစ်မေးနိုင်သည်။
(၂) ထိုကဲ့သို့ စစ်မေးခြင်းခံရသူသည် အမှုနှင့်စပ်လျဉ်း၍ မိမိအပေါ် ပြစ်မှုကြောင်းအရ စွဲဆိုဖြစ် ပြစ်ဒဏ်စီရင်ခြင်း သို့မဟုတ် ခံဝန်အရ ပေးလျော်စေခြင်း ဖြစ်စေမည့် မေးခွန်းများမှတစ် အဆိုပါအရာရှိက မေးမြန်းသော မေးခွန်းအားလုံးကို ဖြေဆိုရန် တာဝန်ရှိစေရမည်။