(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံးငွေစာရင်းများကို စစ်ဆေး၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြနိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူတစ်ဦးဦးအား တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြသဘောတူညီချက်ရယူ၍ နိုင်ငံတော်သမ္မတ ထံတင်ပြရမည်-
(၁) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်အရာရှိထက် မနိမ့်သောရာထူးတွင် အနည်း ဆုံးငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့်စာရင်းစစ်အရာရှိထက် မနိမ့်သောရာထူးတွင် အနည်း ဆုံး ၁၀ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ခခ) မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် အနည်းဆုံး ၁၅ နှစ် ဆောင်ရွက်ခဲ့သူ။
(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။
(ခ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် တာဝန်ပေး အပ်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က သက်ဆိုင်ရာလွှတ်တော်၏ သဘောတူ ညီချက်ဖြင့် တင်ပြလာသည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်း စစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်း များနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းသည့်ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်း စစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်သည်-
(၁) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(၂) ပြည်ထောင်စုစာရင်းစစ်ချုပ်အား လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အား လည်းကောင်း တာဝန်ခံရမည်။