(၁) ခရိုင်ရာဇဝတ် တရားသူကြီးတစ်ဦး၊ နယ်ပိုင်ရာဇဝတ် တရားသူကြီးတစ်ဦး သို့မဟုတ် ဤကိစ္စအတွက် နိုင်ငံတော်သမ္မတကအထူးအားဖြင့် အာဏာအပ်နှင်းထားသည့် ပထမ တန်း အာဏာရတရားသူကြီးတစ်ဦးက မိမိ၏စီရင်ပိုင်ခွင့်နယ်မြေအတွင်းရှိ တစ်ဦး တစ်ယောက်သည် အဆိုပါ နယ်မြေပြင်ပတွင် (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းတွင်ဖြစ်စေ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြင်ပတွင်ဖြစ်စေ) ပြစ်မှုတစ်ရပ် ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရန် အကြောင်းရှိကြောင်း ထင်မြင်သည့်အပြင် ယင်းပြစ်မှုမှာ ပုဒ်မ ၁၇၇ မှ ပုဒ်မ ၁၈၄ အထိ(ယင်းပုဒ်မ နှစ်ခုစလုံး အပါအဝင်) ပုဒ်မတို့၏ ပြဋ္ဌာန်းချက်များ အရဖြစ်စေ၊ အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ အဆိုပါ စီရင်ပိုင်ခွင့် အာဏာနယ်မြေအတွင်း စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စစ်ဆေးစီရင်ခြင်း မပြုနိုင်သော်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တည်ဆဲဖြစ်သော အခြား ဥပဒေအရအဆိုပါတရားသူကြီးသည် မိမိစီရင်ပိုင်ခွင့်အာဏာနယ်မြေအတွင်း ကျူးလွန်ဘိ သကဲ့သို့ ထိုပြစ်မှုကိုစုံစမ်းစစ်ဆေး၍ အထက်တွင် ဖော်ပြထားသည့် နည်းလမ်းအတိုင်း ထိုသူကို မိမိရှေ့မှောက်သို့ရောက်ရှိရန် အတင်းအကြပ်ပြုနိုင်သည်။ ထို့ပြင် ထိုသူအပေါ် အဆိုပါ ပြစ်မှုမျိုးကို စုံစမ်းစစ်ဆေးရန် သို့မဟုတ် စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့် အာဏာရှိသော တရားသူကြီးထံ ပေးပို့နိုင်သည် သို့မဟုတ် အဆိုပါပြစ်မှုသည် အာမခံပေးရမည့် ပြစ်မှုမျိုးဖြစ်ပါက ထိုသူကို အဆိုပါ တရားသူကြီးရှေ့မှောက် ရောက်ရှိစေရန်အတွက် အာမခံသူများနှင့်ဖြစ်စေ၊ အာမခံသူများ မပါဘဲဖြစ်စေ ခံဝန်ချုပ်ကို ချုပ်ဆိုရန် တောင်းဆို နိုင်သည်။
(၂) ထိုကဲ့သို့ စီရင်ပိုင်ခွင့်အာဏာရှိသော တရားသူကြီးမှာ တစ်ဦးထက်ပို၍ များနေ သောအခါ၊ ထို့ပြင် ဤပုဒ်မအရ ဆောင်ရွက်သည့် တရားသူကြီးက ထိုသူကို မည်သည့် တရားသူကြီး ထံသို့ ပို့ပေးရမည်၊ မည်သည့် တရားသူကြီးရှေ့တွင် ရောက်ရှိစေရမည်ဖြစ်ကြောင်း မဝေခွဲနိုင်လျှင် ထိုအမှုအတွက် အမိန့်နာခံရန် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် သို့ အစီရင်ခံရမည်။ (ရာဇဝတ် ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ အမှတ် ၁၆ /၂၀၁၆)