(၁) မည်သည့်တရားရုံးမဆို ပုဒ်မ ၉၄ အရ သမ္မန်စာ သို့မဟုတ် အမိန့်စာကိုဖြစ်စေ၊ ပုဒ်မ ၉၅ ပုဒ်မခွဲ (၁) အရ ဆင့်ဆိုချက် တစ်ရပ်ကိုဖြစ်စေ ထုတ်ဆင့်ခံထားရသူ သို့မဟုတ် ထုတ်ဆင့် ခံရမည့်သူသည် ယင်းသမ္မန်စာ သို့မဟုတ် ဆင့်ဆိုချက်အရ အလိုရှိသည့် စာတမ်း အမှတ် အသားကိုဖြစ်စေ သို့မဟုတ် အခြားအရာဝတ္ထုကိုဖြစ်စေ မတင်ပြဘဲ နေလိမ့်မည်ဟု ယုံကြည်ရန် အကြာင်းရှိသည့်အခါ -
သို့မဟုတ် အဆိုပါ စာတမ်းအမှတ်အသား သို့မဟုတ် အရာဝတ္ထုသည် မည်သူ၏ လက်ဝယ်တွင်ရှိနေသည်ကို တရားရုံးက မသိမည့်အခါ -
သို့မဟုတ် ဤဥပဒေအရ စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု သို့မဟုတ် အခြား မှုခင်းကိစ္စ အတွက် ယေဘုယျ ရှာဖွေခြင်း သို့မဟုတ် စစ်ဆေးကြည့်ရှုခြင်းဖြင့် အထောက်အကူ ပြုလိမ့်မည်ဟု တရားရုံးက ယူဆသည့်အခါ -
ထိုတရားရုံးသည် ရှာဖွေဝရမ်းကို ထုတ်ဆင့်နိုင်သည်။ ထို့ပြင် ထိုဝရမ်းကို အတည်ပြုရန် ညွှန်ကြားခြင်းခံရသူသည် ဝရမ်းပါအချက်များနှင့် အောက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရှာဖွေနိုင်သည် သို့မဟုတ် စစ်ဆေးနိုင်သည်။
(၂) စာပို့ဌာနအာဏာပိုင်များ သို့မဟုတ် ကြေးနန်းဌာန အာဏာပိုင်များ၏ ထိန်းသိမ်းမှု အောက်တွင် ရှိ စာတမ်းအမှတ်အသား၊ ပါဆယ်ထုပ် သို့မဟုတ် အခြား အရာဝတ္ထုကို ရှာဖွေရန်အတွက် ခရိုင်ရာဇဝတ်တရားသူကြီးမှတစ်ပါး အခြားမည်သည့် တရားသူကြီး ကိုမျှ ဝရမ်းထုတ်ဆင့်ရန် ဤပုဒ်မပါ မည်သည့်အချက်ကမျှ အခွင့်အာဏာ မပေးအပ်စေရ။