ပုဒ်မ ၉၄
ပုဒ်မ ၉၄
က။ တင်ပြစေရန် သမ္မန်စာ ၊စာတမ်းအမှတ်အသား သို့မဟုတ် အခြားအရာဝတ္ထုတင်ပြစေရန် သမ္မန်စာ

(၁) မည်သည့်တရားရုံး သို့မဟုတ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းမှူးမဆို မိမိက သို့မဟုတ် မိမိရှေ့မှောက်တွင် မေးမြန်းစုံထောက်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ စစ်ဆေးစီရင်ခြင်း သို့မဟုတ် ဤဥပဒေအရ အခြားမှုခင်းကိစ္စအလို့ငှာ စာတမ်းအမှတ်အသား တစ်စုံတစ်ရာကိုဖြစ်စေ၊ အခြားအရာဝတ္ထု ကိုဖြစ်စေ တင်ပြရန်လိုအပ်သည် သို့မဟုတ် လိုလားသည်ဟု ယူဆလျှင် အဆိုပါ စာတမ်း အမှတ်အသား သို့မဟုတ် အရာဝတ္ထု လက်ဝယ်ရှိသူ သို့မဟုတ် ယင်းပစ္စည်းနှင့် စပ်လျဉ်း၍ အာဏာရှိသည်ဟု ယုံကြည်ရသူအနေဖြင့် ယင်းပစ္စည်းကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် လာရောက်တင်ပြရမည် သို့မဟုတ် တင်ပြရမည်ဟု ဖော်ပြထားသော သမ္မန်စာ တစ်စောင် သို့မဟုတ် အမိန့်စာ တစ်စောင်ကို ထုတ်ဆင့်နိုင်သည်။

(၂) ဤပုဒ်မအရ စာတမ်းအမှတ်အသားတစ်ခုကိုဖြစ်စေ၊ အခြားအရာဝတ္ထုကိုဖြစ်စေ တင်ပြရန်သာ လိုအပ်သည့် မည်သူမဆိုသည် ကိုယ်တိုင်မလာရောက်ဘဲ ယင်းပစ္စည်းကို တင်ပြစေလျှင် ဤပုဒ်မအရ လိုက်နာ ဆောင်ရွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(၃) ဤပုဒ်မပါ မည်သည့်အချက်ကမျှ သက်သေခံ အက်ဥပဒေပုဒ်မ ၁၂၃ နှင့် ၁၂၄ တို့ကို မထိခိုက်စေရ ဟုလည်းကောင်း၊ စာတိုက် သို့မဟုတ် ကြေးနန်းအာဏာပိုင်များက ထိန်းသိမ်းထားသော ချောစာ၊ ပို့စ်ကတ်၊ ကြေးနန်းစာ သို့မဟုတ် အခြားစာတမ်း အမှတ် အသား သို့မဟုတ် မည်သည့် ပါဆယ်ထုပ် သို့မဟုတ် အရာဝတ္ထုနှင့်မျှ မသက်ဆိုင်စေရဟု လည်းကောင်း မှတ်ယူရမည်။