(၁) မည်သည့်အခါမဆို ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် ပထမတန်း အာဏာရတရားသူကြီးက တစ်စုံတစ်ယောက်သောသူသည် ငြိမ်ဝပ်ရေး ပျက်ပြားမှု သို့မဟုတ် နိုင်ငံတော်ငြိမ်ဝပ်ရေးကို နှောင့်ယှက်ရန် အလားအလာရှိကြောင်း သို့မဟုတ် ငြိမ်ဝပ် ရေးပျက်ပြားမှု သို့မဟုတ် နိုင်ငံတော်ငြိမ်ဝပ်ရေးကို နှောင့်ယှက်ရန် အကြောင်းရှိသော မတရား ပြုလုပ်မှုကို ပြုလုပ်ရန် အလားအလာရှိကြောင်း သတင်း ရလျှင် ၎င်းရာဇဝတ်တရားသူကြီးသည် မိမိ သင့်သည်ထင်မြင်သည့် တစ်နှစ်ထက် မပိုသော ကာလအပိုင်းအခြားအတွင်း ထိုသူကို ငြိမ်ဝပ်စွာ နေထိုင်ရန် အာမခံသူများ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်အကြောင်းကြောင့် ခံဝန်ချုပ်ဆိုရန် အမိန့် မထုတ်သင့်ကြောင်း အကြောင်းပြထုချေစေရန် အောက်တွင် ပြဋ္ဌာန်း ပါရှိသည့် နည်းဖြင့် တောင်းဆိုနိုင်သည်။
(၂) သတင်းပေးခြင်း ခံရသူကဖြစ်စေ၊ ငြိမ်ဝပ်ရေးပျက်ပြားမှု သို့မဟုတ် နိုင်ငံတော် ငြိမ်ဝပ်ရေး ကို နှောင့်ယှက်ရန် စိုးရိမ်ရသည့်နေရာဖြစ်စေ အဆိုပါ ရာဇဝတ်တရားသူကြီး၏ စီရင် ပိုင်ခွင့် အာဏာနယ်မြေ အတွင်းမရှိခဲ့လျှင် ဤပုဒ်မအရအမှုမစွဲဆိုစေရ။ ထို့ပြင် သတင်း ပေးခြင်း ခံရသူနှင့် ငြိမ်ဝပ်ရေးပျက်ပြားမှု သို့မဟုတ် နိုင်ငံတော်ငြိမ်ဝပ်ရေးကို နှောင့်ယှက် ရန် စိုးရိမ်ရသည့်နေရာသည် အဆိုပါ ရာဇဝတ်တရားသူကြီး၏ စီရင်ပိုင်ခွင့်အာဏာ နယ်မြေ အတွင်းမရှိခဲ့လျှင် ခရိုင်ရာဇဝတ် တရားသူကြီး မှတစ်ပါး အခြားမည်သည့် တရားသူကြီးရှေ့တွင်မျှ အမှုများ မစွဲဆိုစေရ။
ပုဒ်မခွဲ (၁) အရ အာဏာအပ်နှင်းခြင်း မခံရသည့် တရားသူကြီးလိုက်နာရန်ကျင့်ထုံး
(၃) ပုဒ်မခွဲ (၁) အရ မှုခင်းပြုလုပ် ဆောင်ရွက်ခွင့်မရသည့် မည်သည့် တရားသူကြီးမဆို တစ်စုံ တစ်ယောက်သောသူသည် ငြိမ်ဝပ်ရေးပျက်ပြားမှု သို့မဟုတ် နိုင်ငံတော်ငြိမ်ဝပ်ရေးကို နှောင့်ယှက်ရန် အလားအလာရှိကြောင်း သို့မဟုတ် ငြိမ်ဝပ်ရေးပျက်ပြားမှု သို့မဟုတ် နိုင်ငံတော် ငြိမ်ဝပ်ရေးကို နှောင့်ယှက်ရန် အကြာင်းရှိသော မတရားပြုလုပ်မှုကို ပြုလုပ်ရန် အလားအလာ ရှိကြောင်း၊ ထို့ပြင် ထိုငြိမ်ဝပ်ရေးပျက်ပြားမှု သို့မဟုတ် နိုင်ငံတော် ငြိမ်ဝပ်ရေးကို မဖျက်ဆီး နိုင်အောင် ထိုသူကို ချုပ်နှောင်ထားခြင်းမှတစ်ပါး သို့မဟုတ် အခြားနည်းဖြင့် မတားဆီးနိုင်ကြောင်း ယုံကြည်ရန် အကြောင်းရှိသည့်အခါ ထိုအကြောင်း ပြချက်များကို ရေးမှတ်ပြီးနောက် (အကယ်၍ ထိုသူသည် အချုပ်ခံနေရပြီး မဟုတ်လျှင် သို့မဟုတ် ရုံးရှေ့သို့ ရောက်ရှိနေပြီ။ မဟုတ်လျှင်) ထိုသူကို ဖမ်းဆီးရန် ဝရမ်းထုတ်ဆင့် နိုင်သည်။ ထိုသို့ ဝရမ်း ထုတ်ဆင့်ရာတွ မိမိ၏ အကြောင်းပြချက်တို့ကို ရေးမှတ်ထား ပြီးနောက် ထိုသူကို ထိုအကြောင်းပြချက် မိတ္တူ တစ်စောင်နှင့်အတူ ထိုအမှုကို စွဲဆိုခွင့် ရှိသော တရားသူကြီးထံ ပို့ပေးနိုင်သည်။
(၄) ပုဒ်မခွဲ (၃) အရ လူတစ်ဦးတစ်ယောက်ကို ပေးပို့ခံရသည့် တရားသူကြီးသည် ဤအခန်း အရ မိမိကိုယ်တိုင် ဆက်လက်အရေးမယူသေးမီ မိမိသဘောအတိုင်း ထိုသူကို အချုပ်နှင့် ထားနိုင်သည်။