ပုဒ်မ ၇၃
ပုဒ်မ ၇၃
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ
(က) နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတနှစ်ဦးအနက် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲအများဆုံးရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်၊ (ခ) နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်သွားသည့် အချိန်သည် ပြည်ထောင်စုလွှတ်တော်အစည်း အဝေး ကျင်းပနေချိန်ဖြစ်လျှင် လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ယာယီသမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်၊ (ဂ) ယာယီသမ္မတထံမှ အကြောင်းကြားစာကို ရရှိသည့်အခါ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတကို ဒုတိယသမ္မတအဖြစ် ဦးစွာရွေးချယ်တင်မြှောက်ပေးခဲ့သည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ပေးရေးအတွက် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးက ဆောင်ရွက်ပေးရမည်၊ (ဃ) သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင် မြှောက်ပြီးပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက် ရေးအဖွဲ့က ဒုတိယသမ္မတ သုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ရမည်၊ (င) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန်မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အကြီး အမှူးသည်ယာယီသမ္မတထံမှ အကြောင်းကြားစာရရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ခေါ်ယူပြီး လစ်လပ်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက် နိုင်ရေးအတွက် အထက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ရမည်၊ (စ) ဒုတိယသမ္မတတစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန် သောကြောင့်ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်း ကြောင့်ဖြစ်စေ ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပချိန်ဖြစ်ပါက ယင်းဒုတိယသမ္မတကို ရွေးချယ်တင်မြှောက်ပေးခဲ့သော လွှတ်တော် ကိုယ်စားလှယ် များအစုအဖွဲ့က ခုနစ်ရက်အတွင်း ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ပေးရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်၊ (ဆ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန်မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက် ပေးရေးအတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။
ပြစ်ဒဏ်
-