ပုဒ်မ ၁၄၁
ပုဒ်မ ၁၄၁
ဥပဒေနှင့်ဆန့်ကျင်သောအစုအဝေး

ငါးဦး သို့မဟုတ် ငါးဦးထက်ပိုသောသူများသည် အောက်ပါတူညီသော ရည်ရွယ်ချက် တစ်ခုခုနှင့် စုဝေးကြလျှင် ထိုအစုအဝေးကို “ဥပဒေနှင့်ဆန့်ကျင်သောအစုအဝေး” ဟုခေါ်သည်။


ကျင့်ထုံး

ပထမ။ ရာဇဝတ်ပြစ်ဒဏ်ထိုက်သော အနိုင်အထက်ပြုခြင်းဖြင့်သော်လည်းကောင်း၊ အနိုင် အထက်ပြုဟန်ပြခြင်းဖြင့်သော်လည်းကောင်း သက်ဆိုင်ရာလွှတ်တော်ကိုဖြစ်စေ၊ အစိုးရကိုဖြစ်စေ၊ ဥပဒေနှင့်ညီသော အခွင့်အာဏာကို ကျင့်သုံးနေသည့် ပြည်သူ့ဝန်ထမ်းတစ်ဦးဦးကိုဖြစ်စေ ခြောက်လှန့်ရန်ရည်ရွယ်ချက်၊ သို့မဟုတ်

ဒုတိယ။ ဥပဒေတစ်ခုခုအရသော်လည်းကောင်း၊ ဥပဒေနှင့်အညီ ထုတ်ဆင့်သည့် အမိန့်ဆင့်ဆိုချက် စသည့်ဆောင်ရွက်မှုတစ်ခုခုအရ သော်လည်းကောင်း ဆောင်ရွက်ခြင်းကို ခုခံရန်ရည်ရွယ်ချက်၊ သို့မဟုတ်

တတိယ။။ အကျိုးဖျက်ဆီးမှု သို့မဟုတ် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော ကျော်နင်းမှုကို သော်လည်းကောင်း၊ အခြားပြစ်မှုများကိုသော်လည်းကောင်း ကျူးလွန်ရန် ရည်ရွယ်ချက်၊ သို့မဟုတ်

စတုတ္ထ။ သူတစ်ဦးဦးကို ရာဇဝတ်ပြစ်ဒဏ်ထိုက်သော အနိုင်အထက်ပြုခြင်းဖြင့် သော်လည်းကောင်း၊ အနိုင်အထက်ပြုဟန်ပြခြင်းဖြင့်သော်လည်းကောင်း ပစ္စည်းကို ရယူရန် သို့မဟုတ် လက်ရှိဖြစ်ရန် သို့မဟုတ် သူတစ်ဦးဦး၏ ခံစားဆဲဖြစ်သည့် ဖြတ်သန်းသွားလာခွင့်ကိုဖြစ်စေ၊ ရေသုံးစွဲခွင့်ကိုဖြစ်စေ၊ လက်ရှိဖြစ်သော သို့မဟုတ် ခံစားဆဲဖြစ်သည့် အခြားအကောင်အထည်မရှိသော အခွင့်အရေးကိုဖြစ်စေ လက်လွတ်စေရန် သို့မဟုတ် ခံစားခွင့်ရှိသော အခွင့်အရေးကိုဖြစ်စေ၊ ခံစားခွင့် ရှိသည်ဟု ထင်မှတ်သော အခွင့်အရေးကိုဖြစ်စေ ရယူသုံးစွဲရန် ရည်ရွယ်ချက်၊ သို့မဟုတ်

ပဉ္စမ။ ရာဇဝတ်ပြစ်ဒဏ်ထိုက်သော အနိုင်အထက်ပြုခြင်းဖြင့်သော်လည်းကောင်း၊ အနိုင် အထက်ပြုဟန်ပြခြင်းဖြင့်သော်လည်းကောင်း သူတစ်ဦးဦးအား ဥပဒေနှင့်အညီ ပြုရန် တာဝန်မရှိသည်ကို အတင်းအကျပ်ပြုစေရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုပိုင် သည်ကိုပြုခြင်းမှ အတင်းအကျပ်ပျက်ကွက်စေရန် ရည်ရွယ်ချက်။

ရှင်းလင်းချက်။ အစုအဝေးတစ်ခုသည် စတင်စုဝေးစဉ်က ဥပဒေနှင့်မဆန့်ကျင်သော်လည်း နောက်ပိုင်းတွင် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး ဖြစ်လာနိုင်သည်။