(၁) တစ်ဦးတစ်ယောက်မှာ ၎င်း၏အဆင့်အတန်းအရ တရားရုံးသို့ ကိုယ်တိုင်လာရောက် ရခြင်းမှ ကင်းလွတ်ခွင့်ရသင့်သူ ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ထင်မြင်ယူဆလျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ထိုသူကို ထိုသို့ ကိုယ်တိုင်လာရောက် ရခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။
(၂) နိုင်ငံတော်သမ္မတသည် ထိုသို့ကင်းလွတ်ခွင့်ပြုခြင်းခံရသူတို့၏ အမည်နှင့် နေရပ် လိပ်စာများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့အခါအားလျော်စွာ ပေးပို့ရမည်။ ထိုသို့ ကင်းလွတ်ခွင့် ပြုခြင်းခံရ သူများ၏စာရင်းကို တရားလွှတ်တော်တွင် ထားရှိရမည့်အပြင် တရားလွှတ်တော်၏ လက်အောက်ခံဖြစ်သော တရားရုံး အသီးသီး၏ စီရင်ပိုင်ခွင့်ဒေသအတွင်း နေထိုင်သည့် အလားတူ ကင်းလွတ်ခွင့် ပြုခြင်းခံရသူများ စာရင်းကိုလည်း ယင်းလက်အောက်ခံ တရားရုံးတွင် ထားရှိရမည်။
(၃) ထိုသို့ ကင်းလွတ်ခွင့်ပြုခြင်းခံရသူ တစ်ဦးဦးက ကင်းလွတ်ခွင့်၏ အကျိုးခံစားခွင့်ကို ရသင့်ကြောင်း တောင်းဆိုလာခြင်းကြောင့် ၎င်းကို ကော်မရှင်ဖြင့် စစ်မေးရန် လိုအပ်သည့် ကိစ္စတွင် ထိုသူကို သက်သေခံစေလိုသော အမှုသည်က ကော်မရှင်စရိတ်ကို မပေးလျှင် အဆိုပါ ကင်းလွတ်ခွင့် ပြုခြင်းခံရသူက ယင်းစရိတ်ကို ပေးရမည်။