ပုဒ်မ ၄၆၆
ပုဒ်မ ၄၆၆
စုံစမ်းထောက်လှမ်းနေစဉ်အတွင်း၊ သို့မဟုတ် စစ်ဆေးစီရင်နေစဉ်အတွင်း ရူးသွပ်သူကို လွှတ်ခြင်း

(၁) မည်သည့်အခါတွင်မဆို တရားခံမှာ စိတ်ပေါ့သွပ်၍ ခုခံချေပနိုင်စွမ်းရှိမည် မဟုတ်ကြောင်း တွေ့ရှိသောအခါ အမှုမှာ အာမခံ ပေးခွင့်ရသည့်အမှုဖြစ်စေ၊ အာမခံပေးခွင့် မရသည့်အမှုဖြစ်စေ ၎င်းတရားခံကို ကောင်းမွန်စွာ ထိန်းသိမ်း ကြည့်ရှုထားပါမည်ဖြစ်ကြောင်း၊ ၎င်းကိုယ်ကိုဖြစ်စေ၊ အခြားသူ တစ်စုံတစ်ယောက်ကိုဖြစ်စေ နစ်နာစေခြင်းမဖြစ်အောင် ဟန့်တား ထားပါမည့်အကြောင်း၊ ၎င်းကို အလိုရှိသည့်အခါ ရာဇဝတ်တရားသူကြီးရှေ့ဖြစ်စေ၊ တရားရုံး ရှေ့ဖြစ်စေ၊ သို့မဟုတ် ဤကိစ္စအလို့ငှာ ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးကခန့်ထားသည့် အရာရှိရှေ့ဖြစ်စေ ရောက်ရှိပ|မည့်အကြောင်းများနှင့် လုံလောက်သောအာမခံပေးလျှင် ရာဇဝတ်တရားသူကြီးက ဖြစ်စေ၊ တရားရုံးကဖြစ်စေ ၎င်းတရားခံကို လွှတ်ထားနိုင်သည်။

ရူးသွပ်သူကိုချုပ်ထားခြင်း။

(၂) အမှုမှာ အာမခံမပေးသင့်ကြောင်း ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးက ထင်မြင်သော အမှုမျိုးဖြစ်လျှင်၊ သို့မဟုတ် လုံလောက်သည့် အာမခံမပေးလျှင် သက်ဆိုင်ရာရာ ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးက တရားခံကို မိမိသင့်သည် ထင်မြင်သည့်နေရာ၌ မိမိသင့်သည် ထင်မြင်သည့်နည်းလမ်းဖြင့် လုံခြုံစွာအချုပ်နှင့် ထိန်းသိမ်းထားရန် အမိန့်ချမှတ်ရမည့်အပြင် မိမိ ဆောင်ရွက်ချက်ကို နိုင်ငံတော်သမ္မတထံ အစီရင်ခံရမည်။

သို့ရာတွင် ရူးသွပ်ခြင်းအက်ဥပဒေအရ နိုင်ငံတော်သမ္မတက ထုတ်ပြန်ထားသော နည်းဥပဒေများနှင့်အညီ မဟုတ်ခဲ့လျှင် တရားခံကို စိတ္တဇဆေးရုံတွင် ထိန်းသိမ်းထားရန် အမိန့်မချမှတ်ရ။