(၁) နိုင်ငံတော်သမ္မတသည် ဒေသတစ်ခုခုရှိ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော တရားသူကြီး များကို ခုံရုံးဖြင့် မည်သည့်နေရာတွင်မဆို ရုံးထိုင်ရန် ညွှန်ကြားနိုင်သည့်အပြင် ဤဥပဒေ အရ ပထမတန်း၊ ဒုတိယတန်း သို့မဟုတ် တတိယတန်း အာဏာရ တရားသူကြီး တစ်ဦးဦး အား အပ်နှင်းသည့် သို့မဟုတ် အပ်နှင်းခွင့်ရသည့် အာဏာတစ်စုံတစ်ရာ ကိုလည်း ထိုခုံရုံးအား အပ်နှင်းနိုင်သည်။ ထို့ပြင် နိုင်ငံတော်သမ္မတက သင့်သည် ထင်မြင်သည့် အမှုများ သို့မဟုတ် အမှုအမျိုးအစားများကို သင့်သည်ထင်မြင်သည့် နယ်မြေအတွင်း အဆိုပါ အာဏာများကို သုံးစွဲရန် ညွှန်ကြားနိုင်သည်။
အထူးညွှန်ကြားချက်မရှိလျှင် ယင်းခုံရုံးက ကျင့်သုံးနိုင်သည့် အာဏာများ
(၂) ဤပုဒ်မအရ အမိန့်တစ်စုံတစ်ရာဖြင့် အခြားနည်းပြဋ္ဌာန်းခြင်းမရှိလျှင် ခုံရုံးတွင် လက်ရှိ အဖွဲ့ဝင်အဖြစ် ပါဝင်သော အမြင့်ဆုံး အဆင့်အတန်းရှိ တရားသူကြီး တစ်ဦးဦးအား ဤဥပဒေ အရ အပ်နှင်းထားသည့် အာဏာများကို ခုံရုံးက ရရှိစေရမည်။ ထို့ပြင် ဤဥပဒေပါကိစ္စများ အလို့ငှာ လက်တွေ့ကျင့်သုံး၍ ရနိုင်သမျှ ထိုခုံရုံးသည် ထိုအဆင့် အတန်းဝင် တရားသူကြီး ဖြစ်သည်ဟု မှတ်ယူရမည်။