(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသည် ပုဒ်မ ၄၇ အရ ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲလက်မှတ်များကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ သို့မဟုတ် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် အများပြည်သူတို့၏ ရှေ့မှောက်၌ ရွေးကောက်ပွဲကျင်းပမည့် နေ့မတိုင်မီ ကော်မရှင်ကသတ်မှတ်ပေးသည့် နေ့ရက်တွင် ကြိုတင်၍ ရေတွက်ကြေညာရမည်။
(ခ) မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ရွေးကောက်ပွဲမကျင်းပမီ ၂ ရက်ကြိုတင်၍ ယင်းနေ့ ညနေ ၄ နာရီ မတိုင်မီ မိမိလက်ဝယ်သို့ ရောက်ရှိနေသော ပုဒ်မ ၄၅ ပုဒ်မခွဲ(က)အရ ဆန္ဒပြုထားသည့် ကြိုတင် ဆန္ဒမဲလက်မှတ်များကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ သို့မဟုတ် ယင်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များနှင့် အများပြည်သူတို့၏ရှေ့မှောက်၌ ရေတွက်ပြီး သက်ဆိုင်ရာဆန္ဒမဲစာရင်း ဇယားများကို သတ်မှတ်ထားသည့် အတိုင်း ကြေညာရမည်။
(ဂ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် မိမိနှင့် သက်ဆိုင်သော မဲရုံအသီးသီး အတွက် ပုဒ်မ ၄၅ ပုဒ်မခွဲ(ခ)အရ ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် ဆန္ဒပြုခဲ့သော မဲဆန္ဒရှင်အမည်စာရင်းတို့ကို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံမဖွင့်မီ သက်ဆိုင်ရာမဲရုံမှူး၏ လက်ဝယ်သို့ အရောက်ပေးပို့ရမည်။
(ဃ) သက်ဆိုင်ရာမဲရုံအလိုက် ဆန္ဒမဲပေးခြင်းပြီးပြတ်လျှင် မဲရုံမှူးကိုယ်တိုင်ဖြစ်စေ၊ ယင်းကတာဝန် ပေးအပ်သော မဲရုံအဖွဲ့ဝင်ကဖြစ်စေ မဲရုံတွင်ပင် မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်များနှင့် အများပြည်သူ တို့၏ရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရမည် သို့မဟုတ် အီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒပြုထားသည့် ဆန္ဒမဲရလဒ်များကို ရေးမှတ်ရမည်။ ဆန္ဒမဲလက်မှတ်များရေတွက်ရာတွင် ခိုင်လုံသော ဆန္ဒမဲနှင့် ပယ်မဲများကို နည်းဥပဒေများနှင့်အညီ ခွဲခြား၍ရေတွက်ရမည်။ မဲရုံမှူးသည် ရေတွက်ရရှိသော ဆန္ဒမဲအရေအတွက် သို့မဟုတ် အီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒပြုထားသည့် ဆန္ဒမဲရလဒ်များကို သတ်မှတ်ထားသည့်အတိုင်း ဆန္ဒမဲစာရင်းဇယားများ ပြုစုပြီး ကပ်ထားကြေညာရမည်။ ယင်းဆန္ဒမဲ စာရင်းဇယားများကို သတ်မှတ်ထားသည့်အတိုင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရမည်။
(င) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် မိမိနယ်မြေအတွင်းရှိမဲရုံမှူးများက ပြုစုထားသော ဆန္ဒမဲစာရင်းဇယားများကို သတ်မှတ်ထားသည့်အတိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ အချိန်မီရောက်ရှိစေရန် အမြန်ဆုံးပေးပို့ရေးအတွက် လိုအပ်သလို ကြီးကြပ်ဆောင်ရွက်ရမည်။